သူ့ရဲ့ ဖျော်ဖြေပွဲ အစီအစဉ်မှာ ပါဝင်ရင်း ပါလက်စတိုင်းကို ထောက်ခံကြောင်း ပြောဆိုခဲ့တဲ့ အဆိုတော် ထုတ်ပယ်ခံရပြီး နောက်ဆက်တွဲ ပြဿနာတွေနဲ့ ပတ်သက်လို့ ဗြိတိန် အဆိုတော်၊ တေးရေးဆရာ အက်ဒ်ရှီးရန်းက ပရိသတ်တွေကို တောင်းပန်စကား ဆိုခဲ့ပါတယ်။
စက်တင်ဘာ လဆန်းတုန်းက အမေရိကန်နိုင်ငံ၊ နယူးဂျာစီ ပြည်နယ်မှာရှိတဲ့ MetLife အားကစားကွင်းကြီးမှာ ပြုလုပ်တဲ့ ရှီးရန်းရဲ့ Loop Tour ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်မှာ ပါဝင်နေရင်း Rapဂီတ အဆိုတော် မက်ကယ်လ်မောက သူဟာ ပါလက်စတိုင်းကို ထောက်ခံကြောင်းနဲ့ ဂါဇာ စစ်ဘေးသင့် ပြည်သူတွေအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။
နောက်တော့ ပွဲစီစဉ်သူတွေက ဒီလိုအပြောအဆိုတွေဟာ ဖျော်ဖြေပွဲ ဖျက်သိမ်းရနိုင်တဲ့ထိ နောက်ဆက်တွဲ ပြဿနာ ကြုံနိုင်သလို ပရိသတ်တွေကိုလည်း ထိခိုက်လာစေနိုင်တယ်လို့ အကြောင်းပြပြီး Loop Tourကနေ မက်ကယ်လ်မောကို စက်တင်ဘာ ၁၄ ရက်နေ့မှာ ဖယ်ရှားခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ တခြား အနုပညာရှင် တချို့ကပါ Loop Tourကနေ နုတ်ထွက်ကုန်တာကြောင့် ရှီးရန်းရဲ့ ဖျော်ဖြေပွဲမှာ အရှုပ်အထွေးတွေ ကြုံလာရတာပါ။ အကျိုးဆက်အဖြစ် စက်တင်ဘာ ၁၉ ရက်နေ့က ဖီလာဒဲလ်ဖီးယားမှာ ရှီးရန်းဟာ တစ်ကိုယ်တော် ဖျော်ဖြေခဲ့ရပါတယ်။

Public Service Announcement
Lincoln Financial Field အားကစားရုံကြီးမှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲမှာ ရှီးရန်းက လတ်တလော ပြဿနာနဲ့ ပတ်သက်လို့ ပရိသတ်ဆီ ရှင်းပြခဲ့ပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။
မက်ကယ်လ်မောကို Loop Tourထဲမှာ ဆက်ထားမယ်ဆိုရင် ဖျော်ဖြေပွဲ ကျင်းပမယ့် နေရာတွေကို ခွင့်မပြုတော့ဘူးဆိုတဲ့ အားကစားကွင်း ပိုင်ရှင်တချို့ရဲ့ ခြိမ်းခြောက်မှုကြောင့် ပွဲစီစဉ်သူတွေက မတတ်သာဘဲ အခုလို ဆုံးဖြတ်ခဲ့ရတာလို့ ရှီးရန်းက ပြောပါတယ်။ ပြီးတော့ မက်ကယ်လ်မောကို ထုတ်ပယ်စေတာဟာ ဘယ်တုန်းကမှ သူ့ရဲ့ ခိုင်းစေမှု မဟုတ်ခဲ့ကြောင်းလည်း ရှီးရန်းက ဖြေရှင်းခဲ့ပါတယ်။
အခုအငြင်းပွားမှုကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အမှားတွေ ရှိခဲ့တာကို သူက ဝန်ခံပြီး ပရိသတ်တွေ စိတ်ပျက်စေဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ကြောင်းလည်း ပြောပါတယ်။ သူက အစ္စရေး-ပါလက်စတိုင်း ကိစ္စနဲ့ ပတ်သက်ရင် သဘောထားမှတ်ချက် မပေးခဲ့ပေမယ့် အခုတော့ ပထမဆုံး အကြိမ်အဖြစ် အတွေးအမြင် တချို့ကိုလည်း မျှဝေခဲ့ပါတယ်။
သူ့ရဲ့ ဂီတသက်တမ်းတလျှောက် နိုင်ငံရေး တက်ကြွလှုပ်ရှားမှုတွေအတွက် ဂီတကို အသုံးချတာမျိုးကတော့ အမြဲတမ်း ရှောင်လွှဲခဲ့ပေမယ့် ကမ္ဘာပေါ်မှာ အရှုပ်ထွေးဆုံး နိုင်ငံရေး ပြဿနာထဲ မထင်မှတ်ဘဲ ဝင်ပတ်သက်သွားမိခဲ့ကြောင်း ရှီးရန်းက ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးကို ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ရဲ့ ကျူးကျော် တိုက်ခိုက်မှုဟာ ကြောက်စရာကောင်းလွန်းပြီး အစ္စရေး ပြည်သူတွေအတွက် ထိခိုက် နာကျင်စေတာကို သူက အသိအမှတ် ပြုခဲ့ပါတယ်။
ဒါပေမဲ့ ဂါဇာစစ်ပွဲထဲက အခြေအနေတွေကလည်း ကပ်ဘေးကြီး ကျရောက်သလို ဖြစ်ခဲ့ပြီး ပါလက်စတိုင်း ပြည်သူတွေအတွက် မမျှတဘူးလို့ ရှီးရန်းက ဆိုပါတယ်။ ဆိုးဆိုးရွားရွား ပျက်စီးမှုတွေ၊ ကလေးတွေ အပါအဝင် အရပ်သားတွေ အများကြီး သေဆုံးခဲ့ခြင်းတွေက သူ့ကို အလေးအနက် စိတ်ထိခိုက် ကြေကွဲစေခဲ့တယ်လို့လည်း ရှီးရန်းက ပြောကြားသွားပါတယ်။
ရှီးရန်းရဲ့ ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်ကို ဇန်နဝါရီလတုန်းက နယူးဇီလန်မှာ စတင်ပြီး ဒီဇင်ဘာလကျရင် မက္ကဆီကိုမှာ အဆုံးသတ်မှာပါ။ သူဟာ မြောက်အမေရိကနဲ့ တောင်အမေရိကမှာ စုစုပေါင်း ဖျော်ဖြေပွဲ ၁၆ ခု ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့က ဖီလာဒဲလ်ဖီးယားမှာ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲကို သတ်မှတ်ချိန်ထက် ၃ နာရီလောက် နောက်ဆုတ်ခဲ့ရပြီး အားကစားရုံနားမှာ ပါလက်စတိုင်း ထောက်ခံသူ တချို့ကလည်း စုဝေး ဆန္ဒပြခဲ့ပါတယ်။
ကိုးကား – BBC



















































