ရုရှားနိုင်ငံ အရှေ့ဖျား ကမ်းလွန်ပင်လယ်ပြင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ရုရှား၊ ဂျပန်နဲ့ အမေရိကန်တို့မှာ ဖျက်ဆီးအား အရမ်းမပြင်းထန်တဲ့ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ဆူနာမီ ရေလှိုင်းတွေဟာ တစ်သုတ်ပြီးတစ်သုတ် ရောက်လာနိုင်ခြေ ရှိသေးတာကြောင့် အာဏာပိုင်တွေက ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက်တွေကိုတော့ မရုပ်သိမ်းသေးပါဘူး။
ဇူလိုင် ၃၀ မနက်ပိုင်းက ရုရှားနိုင်ငံ အရှေ့ဖျားက ကမ်ချတ်ကာ ကျွန်းဆွယ်ရဲ့ ကမ်းလွန်ရေပြင်မှာ မဂ္ဂနီကျု ၈.၈ အဆင့် ရေအောက်ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ စနစ်တကျ တိုင်းတာနိုင်တဲ့ စနစ်တွေ စတင် အသုံးပြုလာတဲ့နောက်ပိုင်း သမိုင်းကြောင်းမှာ ဆဋ္ဌမ အပြင်းထန်ဆုံး ငလျင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အကျိုးဆက်အဖြစ် ပစိဖိတ် သမုဒ္ဒရာ အနှံ့က နိုင်ငံတွေရဲ့ ကမ်းရိုးတန်း ဒေသတွေမှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထွက်ပေါ်လာပါတယ်။ အစောဆုံးအဖြစ် ကမ်ချတ်ကာမှာရှိတဲ့ ရုရှား ကမ်းရိုးတန်းမြို့လေး ဆူဗီရို ကူရီလစ်ခ်ထဲကို ဆူနာမီ ရေလှိုင်းတွေ ဝင်ရောက်ခဲ့ပါတယ်။ အလားတူ ဂျပန်နိုင်ငံ မြောက်ပိုင်း ကမ်းခြေတချို့ကိုလည်း ဆူနာမီ လှိုင်းတွေ ရိုက်ခတ်ခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
အမေရိကန်ရဲ့ ဟာဝိုင်ယီနဲ့ အလာစကာ ပြည်နယ်တွေမှာတော့ ဆူနာမီ အန္တရာယ် သတိပေးချက်တွေ ကြိုတင် ထုတ်ပြန်ထားခဲ့သလို ဒေသခံတွေက ရင်တထိတ်ထိတ်နဲ့ ကြိုတင် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေခဲ့ကြပါတယ်။ ရုရှားမှာ ငလျင်ကြီး လှုပ်ခတ်ပြီး နာရီတချို့ အကြာမှာတော့ ဆူနာမီ လှိုင်းတွေဟာ ဟာဝိုင်ယီ ကမ်းရိုးတန်းကို စတင် ရိုက်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ အရမ်း ဖျက်အားပြင်းတာမျိုး မဟုတ်ဘဲ အများစုက အသေးစားသာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၄ ပေနဲ့ ၅ ပေစီ အမြင့်ရှိတဲ့ လှိုင်းတွေ ရိုက်ခတ်မှုကိုလည်း တိုင်းတာ ရရှိခဲ့ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်မှာလည်း ကမ်းခြေတွေဆီ လတ်တလော မသွားကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
ဂျပန်မှာတော့ လူပေါင်း ၁.၉ သန်းလောက်ကို ကမ်းရိုးတန်း ဧရိယာတွေကနေ ရွှေ့ပြောင်းစေခဲ့ပြီး ဆူနာမီ အန္တရာယ် သတိပေးချက် မရုပ်သိမ်းမချင်း နိုးနိုးကြားကြား ရှိနေဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။ ဂျပန်မြောက်ပိုင်းကို ရိုက်ခတ်ခဲ့တဲ့ ဆူနာမီ လှိုင်းတွေက တစ်ပေခွဲ အမြင့်လောက်သာ ဖြစ်ပါတယ်။
ဂျပန်၊ ရုရှားနဲ့ အမေရိကန်တို့သာ မကဘဲ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တရုတ်၊ နယူးဇီလန်နဲ့ ပီရူးတို့လို နိုင်ငံတွေအထိ ဆူနာမီ သတိပေးချက်တွေကို ထုတ်ပြန်ခဲ့ပြီး တရုတ်ကတော့ အခုအခါ ရှန်ဟိုင်းနဲ့ ရှီကျန်းတို့လို မြို့တွေမှာ ဆူနာမီ သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းခဲ့ပြီးပါပြီ။
အင်ဒိုနီးရှားမှာတော့ ဆူနာမီဒဏ် ခံရနိုင်ခြေရှိတဲ့ ကမ်းရိုးတန်း ဧရိယာတွေမှာ ဒေသခံတွေဟာ နေရပ်စွန့်ခွာပြီး ကုန်းမြေ အမြင့်ပိုင်းတွေဆီ သွားရောက်နေတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာနက နိုင်ငံအရှေ့ပိုင်း ကမ်းခြေတွေမှာ အဓိက ရွှေ့ပြောင်းကြဖို့ နှိုးဆော်ထားပါတယ်။
လက်ရှိ အချိန်ထိတော့ ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆူနာမီ လှိုင်းတွေဟာ အရမ်းဖျက်အားပြင်းထန်တဲ့ အတိုင်းအတာ ပမာဏမျိုး မတွေ့ရသေးသလို အဲဒီလှိုင်းလုံးတွေကြောင့် လူတွေ ထိခိုက်သေကြေတဲ့ သတင်းမျိုးကို မကြားရသေးပါဘူး။
ဆူနာမီ ရေလှိုင်းတွေဟာ အားပြင်းတဲ့ ရေအောက် ငလျင်တွေ၊ ရေအောက် မီးတောင် ပေါက်ကွဲမှုတွေကြောင့် ဖြစ်ပေါ်နိုင်ပြီး ကမ်းရိုးတန်းတွေဆီ အရှိန်နဲ့ ရောက်ရှိလာတတ်ပါတယ်။ အဲဒီ ရေလှိုင်းတွေဟာ လေယာဉ်တစ်စီးလောက် မြန်နှုန်းမျိုးနဲ့ ရွေ့လျားပြီး ရေတိမ်ပိုင်းတွေ ရောက်ရင် အရွယ်အစား ကြီးမားတဲ့ လှိုင်းလုံးကြီးတွေအဖြစ် ကုန်းမြေကို ရိုက်ခတ်လေ့ ရှိပါတယ်။ ဆူနာမီ လှိုင်းတွေဟာ ပထမဆုံး တစ်ကြိမ် ပြီးရုံနဲ့ ရပ်တန့်သွားဖို့ မသေချာဘဲ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေပါ ဖြစ်ပေါ်နိုင်တယ်လို့ ပညာရှင်တွေက ပြောကြားထားပါတယ်။
ကိုးကား: Time

















































