Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘာသဘောတူညီမှုမှ မရဘဲ ထရမ့်-ပူတင် ဆွေးနွေးပွဲ အဆုံးသတ်

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့မှုဟာ ဘာသဘောတူညီမှု ရလဒ်မှ ထွက်ပေါ်မလာဘဲ ပြီးဆုံးခဲ့ပါတယ်။

The New York Times

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့မှုဟာ ဘာသဘောတူညီမှု ရလဒ်မှ ထွက်ပေါ်မလာဘဲ ပြီးဆုံးခဲ့ပါတယ်။

အလာစကာမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို အများက မျှော်လင့်တကြီး စောင့်ကြည့်ခဲ့ပေမယ့် အဆုံးမှာတော့ ဘာသဘောတူညီမှုမှ ထွက်ပေါ်မလာခဲ့ဘူး ဆိုတာကို အမေရိကန် သမ္မတ ထရမ့်က အတည်ပြုခဲ့ပါတယ်။

သူရော၊ ရုရှား သမ္မတ ပူတင်ကပါ ဆွေးနွေးပွဲ ရလဒ်ဟာ အပြုသဘော ဆန်ခဲ့တယ်လို့ ပြောပေမယ့် ယူကရိန်း စစ်ပွဲကို ရပ်တန့်စေဖို့၊ ယူကရိန်း အရေးကို ဖြေရှင်းနိုင်ဖို့ အဖြေတစ်ခုခုတော့ ရှာမတွေ့ခဲ့ပါဘူး။ ဆွေးနွေးပွဲ အပြီးမှာတော့ ထရမ့်ရော၊ ပူတင်ပါ အလာစကာကနေ ပြန်လည် ထွက်ခွာခဲ့ကြပြီး ဖြစ်ပါတယ်။

အချိန်အားဖြင့် ၃ နာရီလောက် ကြာမြင့်ခဲ့တဲ့ ဆွေးနွေးမှုအပြီး ထရမ့်နဲ့ ပူတင်ဟာ မီဒီယာတွေကို ခဏကြာ စကားပြောခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲကိစ္စ သဘောတူညီမှုတွေ မရခဲ့ပေမယ့် အတိအကျ ထုတ်မပြောတဲ့ တချို့ ကဏ္ဍတွေမှာတော့ တိုးတက်မှုတချို့ ရရှိခဲ့တယ်လို့ နှစ်ဦးစလုံးက ဆိုပါတယ်။ ဒါပေမဲ့ နှစ်ဦးစလုံးက အသေးစိတ်ကို မပြောသလို သတင်းထောက်တွေရဲ့ မေးခွန်းတွေကိုလည်း မဖြေခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အချက်တော်တော်များများနဲ့ ပတ်သက်လို့ အမြင်တူတာတွေ ရှိခဲ့ကြောင်း၊ အရေးကြီးတဲ့ အပိုင်းနှစ်ခုလောက်ကို အလုံးစုံ သဘောမတူသေးပေမယ့် အခြေအနေတွေ တိုးတက်အောင်တော့ လုပ်နိုင်ခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲကနေ ဘာသဘောတူညီမှုမှ မရခဲ့ဘူးလို့ သူက အတည်ပြုသွားပါတယ်။

ပူတင်ကတော့ တကယ်လို့ စစ်ရပ်စဲရေး သဘောတူညီမှု တစ်ခုခု ရလာခဲ့မယ် ဆိုရင်တောင် ယူကရိန်းနဲ့ ဥရောပ မဟာမိတ်တွေက ရုရှား-အမေရိကန် ဆွေးနွေးမှု ရလဒ်ကို သဘောတူပြီး ဖျက်လိုဖျက်ဆီး မလုပ်ဖို့လိုကြောင်း ပြောကြားသွားပါတယ်။ သူက စစ်ပွဲကို အဆုံးသတ်ဖို့ အလေးအနက် စိတ်ဝင်စားပါတယ်လို့လည်း ပြောပေမယ့် အသေးစိတ်ကိုတော့ ရှင်းပြမသွားပါဘူး။

တရားဝင် သဘောတူညီမှုတွေ မရခဲ့ပေမယ့် အခုဆွေးနွေးပွဲဟာ ဥရောပမှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးဆုံး ကြုံတွေ့ရတဲ့ သွေးထွက်သံယို စစ်ရေး ပဋိပက္ခကို အဆုံးသတ်စေနိုင်မယ့် ကနဦး ခြေလှမ်းတစ်ခု ဖြစ်နိုင်ခြေ ရှိသလား ဆိုတာကိုလည်း မခန့်မှန်းနိုင်သေးပါဘူး။

အလာစကာ ဆွေးနွေးပွဲအပြီး အခြေအနေကို ယူကရိန်း အစိုးရဖက်က တရားဝင် သဘောထားမှတ်ချက် မပေးသေးပေမယ့် ယူကရိန်း အတိုက်အခံ အမတ်တစ်ဦးဖြစ်တဲ့ အိုလစ်ဆီ ဟဗွန်ချာရန်ကိုကတော့ ပူတင်က အချိန်ဆွဲနေတာသာ ဖြစ်ပြီး အပစ်ရပ်ဖို့ရော၊ ပဋိပက္ခကို ဒီဂရီ လျှော့ချဖို့ပါ သဘောတူခဲ့တာ ဘာမှ မရှိဘူးလို့ Telegramမှာ ရေးသား ဝေဖန်ထားပါတယ်။

ချက်နိုင်ငံခြားရေး ဝန်ကြီး ဂျန် လီပက်ဗ်စကီးက ထရမ့်ရဲ့ အားထုတ်မှုကို ကြိုဆိုပေမယ့် ပူတင်က တကယ်ပဲ သဘောတူညီမှု တစ်ခုခုရချင်မလား ဆိုတာကိုတော့ သံသယ ဝင်မိတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပူတင်သာ ငြိမ်းချမ်းရေးအတွက် အမှန်တကယ် ညှိချင်တယ်ဆိုရင် ဆွေးနွေးပွဲနေ့မှာ ရုရှားက ယူကရိန်းကို တစ်နေကုန် တိုက်ခိုက်နေတာမျိုး မဖြစ်သင့်ခဲ့ဘူးလို့ သူက ထောက်ပြခဲ့ပါတယ်။

ထရမ့်နဲ့ပူတင် တွေ့ဆုံမှုဟာ ၂၀၂၂ မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့နောက်ပိုင်း အမေရိကန် သမ္မတ တစ်ဦးက ပူတင်နဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်ပိုင် အလာစကာ ပြည်နယ်ရဲ့ လေတပ်စခန်းကို ပူတင်လိုက်ပါလာတဲ့ လေယာဉ် ဆင်းသက်ချိန်မှာ ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့သလို အမေရိကန် စစ်လေယာဉ်တွေက အလေးပြု ပျံသန်းခဲ့ပါတယ်။ ထရမ့်ကလည်း ပူတင်ကို နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့ပါတယ်။

ပူတင်ဟာ ယူကရိန်း ကလေးငယ် ရာဂဏန်းလောက်ကို အဓမ္မ နယ်နှင်ရွှေ့ပြောင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ စွဲချက်တင် ခံထားရတဲ့နောက် ပြည်ပနိုင်ငံ ခရီးစဉ်တွေနဲ့ ပတ်သက်ရင် သတိကြီးကြီး ဆင်ခြင်စဉ်းစားလာခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားရော၊ အမေရိကန်ပါ ICC အဖွဲ့ဝင် နိုင်ငံတွေ မဟုတ်သလို ထရမ့်ရဲ့ အစိုးရနဲ့ ICCကြားမှာလည်း ဆက်ဆံရေး မပြေလည်တာကြောင့် အလာစကာ ခရီးစဉ်ဟာ ပူတင်အတွက် အဲဒီ ပြဿနာကို ထည့်စဉ်းစားစရာ မလိုခဲ့ကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။

ထရမ့်နဲ့ ပူတင် တွေ့ဆုံပွဲ မတိုင်ခင် နာရီပိုင်းလောက် အလိုမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်း အနေနဲ့ အမေရိကန်ကိုပဲ အားကိုး ယုံကြည်ထားရတော့မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ သူ့ရဲ့ ဥရောပ မဟာမိတ်တွေကတော့ ထရမ့်ဟာ စစ်ရပ်ဆိုင်းဖို့ကို ဦးစားပေးပြီး ယူကရိန်း နယ်မြေ အများအပြားကို ရုရှား သိမ်းယူထားမှုကို အသိအမှတ် ပြုလိုက်မှာမျိုး စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့် ဆွေးနွေးပွဲကတော့ သဘောတူညီမှု ဘာမှ မရဘဲ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။