Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူသေမှုတစ်ခု ဖြစ်ခဲ့တဲ့နောက် ဂျကာတာက ဆန္ဒပြပွဲတွေ ပိုပြီး အရှိန်မြင့်လာ

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမှာ ဆန္ဒပြမှုတွေ ပိုမို အရှိန်ကောင်းလာသလို တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။

ဓာတ်ပုံ - Reuters

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမှာ ဆန္ဒပြမှုတွေ ပိုမို အရှိန်ကောင်းလာသလို တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။

ဩဂုတ်လ ၂၈ ရက်နေ့က ဂျကာတာမြို့ရဲ့ လွှတ်တော် အဆောက်အအုံနားမှာ အမတ်တွေရဲ့ လုပ်ခလစာ ခံစားခွင့်နဲ့ ပညာရေးဆိုင်ရာ အသုံးစရိတ် ကိစ္စတွေ အပါအဝင် မကျေနပ်ချက် တချို့ကို လူစုလူဝေးနဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ရဲတပ်ဖွဲ့သုံး သံချပ်ကာ ထရပ်ကားတစ်စီးက ဝင်တိုက်မိလို့ မော်တော်ဆိုင်ကယ် တက္ကစီသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

လူသေမှု ဖြစ်ပွားခဲ့ပြီးတဲ့ နောက်မှာတော့ ကျောင်းသားတွေက ဦးဆောင်ပြီး တစ်နိုင်ငံလုံးအနှံ့ အုံကြွ ဆန္ဒပြဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။ ဩဂုတ် ၂၉ ရက်မှာတော့ ဆန္ဒပြ ကျောင်းသားတွေရဲ့ တောင်းဆိုမှုကြောင့် ဂျကာတာမှာရှိတဲ့ ကျောင်းအများအပြားဟာ ကျောင်းသူကျောင်းသားတွေကို သတ်မှတ်ချိန်ထက် စောပြီး ကျောင်းလွှတ်ပေးခဲ့ရပါတယ်။ ဘဏ်တွေနဲ့ စီးပွားရေး လုပ်ငန်းတချို့ကလည်း ဝန်ထမ်းတွေကို နေအိမ်ကနေပဲ အလုပ်လုပ်ကြဖို့ အရေးပေါ် ညွှန်ကြားခဲ့ပါတယ်။

ဂျကာတာမှာ အခြေအနေတွေ တင်းမာလာတဲ့နောက် စစ်တပ်ကလည်း မြို့တော်ရဲ့ အစိတ်အပိုင်း တချို့မှာ ဖြန့်ကျက်ပြီး လုံခြုံရေး ယူထားကြောင်း မျက်မြင်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတ ပရာဘိုဝို ဆူဘီယန်တိုကတော့ အားလုံးကို စိတ်အေးအေး ထားကြဖို့၊ သွေးမဆူဖို့ တိုက်တွန်းခဲ့ပါတယ်။ လူထုဆီ ဦးတည် ထုတ်လွှင့်တဲ့ သမ္မတရဲ့ အသံဖိုင်ထဲမှာတော့ သေဆုံးသူ ဆိုင်ကယ်သမား အက်ဖန် ကာနီယာဝမ်အတွက် စာနာဝမ်းနည်းကြောင်း ပြောကြားထားပြီး ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းစစ်ဆေးစေမယ်လို့ ကတိပြုထားပါတယ်။

ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ အာဏာပိုင် အရာရှိတွေက အလွန်အကျွံ အင်အားသုံး တုံ့ပြန်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကြားသိရတဲ့အတွက် သူ့အနေနဲ့ စိတ်ပျက်ပြီး တုန်လှုပ်မိကြောင်း၊ လူသေမှုထိ ဖြစ်ခဲ့တဲ့ ကိစ္စအပေါ် နှိုက်နှိုက်ချွတ်ချွတ်နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးဖို့ သူက အမိန့်ပေးထားပြီး တာဝန်ရှိသူဟာ တာဝန်ခံရမှာဖြစ်ကြောင်းလည်း ပရာဘိုဝိုက ပြောကြားထားပါတယ်။

သမ္မတက အဲဒီလိုမျိုး သေချာ စုံစမ်းပါမယ်လို့ အာမခံချက် ပေးထားတဲ့တိုင်အောင် ဂျကာတာမှာ ဆန္ဒပြပွဲတွေ ချဲ့ထွင် အရှိန်မြှင့်တင်ကြဖို့ တောင်းဆိုမှုတွေ ပျံ့နှံ့လာနေတာ ဖြစ်ပါတယ်။

ဩဂုတ် ၂၈ ရက် ညပိုင်းထိ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ရဲတွေက ဆန္ဒပြသူတွေကို လူစုခွဲစေဖို့အတွက် မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေကို အသုံးပြုခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဂျကာတာ ရဲတပ်ဖွဲ့ အကြီးအကဲ အေဆက်အက်ဒီ ဆူဟာရီက ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေအတွင်း ရဲတပ်ဖွဲ့ရဲ့ သံချပ်ကာ ယာဉ်တစ်စီးဟာ Gojekနဲ့ Grab ကုမ္ပဏီတွေအတွက် အလုပ်လုပ်နေသူ ကာနီယာဝမ်ရဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ကာနီယာဝမ်ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ရဲတပ်ဖွဲ့ အကြီးအကဲ အနေနဲ့ လက်အောက်ခံ ဝန်ထမ်းအားလုံး ကိုယ်စား အနူးအညွတ် တောင်းပန်လိုပါကြောင်းလည်း အေဆက်အက်ဒီက ဆိုပါတယ်။ အဲဒီ သံချပ်ကာ ယာဉ်ပေါ်မှာ လိုက်ပါခဲ့တဲ့ ရဲဝန်ထမ်း ၇ ဦးစလုံးကို လတ်တလော ထိန်းသိမ်းထားပြီး စုံစမ်းမေးမြန်းနေတယ်လို့လည်း သိရပါတယ်။

ကာနီယာဝမ်ရဲ့ နာရေးကိုတော့ လုပ်ဖော်ကိုင်ဖက် မော်တော်ဆိုင်ကယ် တက္ကစီသမား ရာပေါင်းများစွာ တက်ရောက်ခဲ့ပြီး ဂျကာတာမြို့လယ်ကနေ သင်္ချိုင်းနေရာထိ ခြံရံ ပို့ဆောင်ပေးခဲ့ကြပါတယ်။

ဂျကာတာက ဆန္ဒပြပွဲတွေအတွင်း ရဲတွေက လူပေါင်း ၆၀၀ လောက်ကို ယာယီ ထိန်းသိမ်းထားပြီး သူတို့အားလုံး ချက်ချင်း လွတ်မြောက်ရေးအတွက်လည်း အစိုးရနဲ့ ရဲတပ်ဖွဲ့ကို ဖိအားပေး တောင်းဆိုမှု ရှိနေကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ မြေပြိုကျမှု ဖြစ်ပွားပြီး သတ္တုမိုင်းတွင်း အလုပ်သမား ၉ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူ နိုင်ငံခြားသား အများအပြားကို ဖမ်းဆီး ရမိခဲ့တဲ့နောက် အင်ဒိုနီးရှား အစိုးရဟာ လက်ရှိ ဗီဇာ မူဝါဒတွေကို ပြန်လည် ဆန်းစစ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။