လွှတ်တော်မှာ နောက်ဆုံးမိနစ်ပိုင်းထိ အရေးပေါ် ညှိနှိုင်းမှုတွေ မအောင်မြင်တော့တဲ့နောက် အမေရိကန် ဖက်ဒရယ် အစိုးရ ယန္တရားတွေဟာ အောက်တိုဘာ ၁ ရက်နေ့မှာ စတင်ရပ်တန့်ပြီး shutdown ဖြစ်သွားပါတယ်။
အစိုးရရဲ့ ဘတ်ဂျတ် အစီအမံသစ်အတွက် ဒီမိုကရက်တစ် ပါတီဖက်ကရော၊ ရီပတ်ဘလစ်ကန် ပါတီဖက်ကပါ တင်သွင်းသမျှ အဆိုနှစ်ရပ်စလုံး လွှတ်တော် မဲခွဲမှု မအောင်မြင်ခဲ့ကြတဲ့နောက် နောက်ဆုံးအဆင့် အရေးပေါ် ဆွေးနွေးမှုတွေလည်း ဆက်လုပ်ခဲ့ပေမယ့် သဘောတူညီမှု မရခဲ့ပြန်ပါဘူး။
အကျိုးဆက်အဖြစ် အောက်တိုဘာ ၁ ရက်နေ့မှာ ဖက်ဒရယ် အစိုးရရဲ့ အေဂျင်စီတွေ၊ အလုပ်ဌာနတွေ အများအပြား လုပ်ငန်းလည်ပတ်မှု ရပ်တန့်နေမှာဖြစ်ပြီး ဝန်ထမ်းတွေလည်း shutdown ကာလအတွင်း အနားပေး ခံထားရမှာ ဖြစ်ပါတယ်။
အတိုက်အခံ ဒီမိုကရက်တစ် ပါတီဝင်တွေက အမေရိကန် ပြည်သူ သန်းဂဏန်းလောက်ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မယ့် အစီအမံကို သက်တမ်း ထပ်တိုးချင်နေပြီး အာဏာရ ရီပတ်ဘလစ်ကန် ပါတီကတော့ ကျန်းမာရေး ကိစ္စတွေကို အစိုးရ အသုံးစရိတ်ထဲက ဖယ်ထုတ်ထားရမယ်လို့ ပြောပါတယ်။ အဲဒီကိစ္စကို အဓိက သဘောထား ကွဲလွဲရင်း ညှိမရဖြစ်ပြီး ဘတ်ဂျတ် သဘောတူညီမှု မရတာကြောင့် ဖက်ဒရယ် အစိုးရ ယန္တရား ရပ်တန့်တော့မယ့် အခြေအနေထိ ရောက်ရှိလာတာပါ။

Public Service Announcement
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အစိုးရ shutdownဖြစ်ရင် ဖက်ဒရယ် အစိုးရဌာန ဝန်ထမ်း တော်တော်များများကို အလုပ်က ထုတ်ပယ်ရလိမ့်မယ်လို့ သတိပေး ခြိမ်းခြောက်ထားပါတယ်။ ဒီမိုကရက်တစ်တွေ အနေနဲ့ ဒီကိစ္စမှာ ပြန်ပြင်လို့ မရနိုင်တော့တဲ့ အခြေအနေတွေ ရောက်မသွားအောင် တွန်းမပို့သင့်ဘူးလို့ ထရမ့်က ဆိုပါတယ်။ ဒါပေမဲ့ အစိုးရ အသုံးစရိတ် လျှော့ချရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဝန်ထမ်း အမြောက်အမြားကို အလုပ်က ထုတ်ပယ်ဖို့ ဆိုတာကလည်း ထရမ့်ရဲ့ အစိုးရ လက်ထက်မှာ အကောင်အထည် ဖော်နှင့်ပြီးသား အစီအမံ တစ်ခုပါ။
နောက်ဆုံး ညှိနှိုင်းမှုတွေ အဆင်မပြေ ဖြစ်ခဲ့ပြီး ဖက်ဒရယ် အစိုးရ ယန္တရား ရပ်တန့်တော့မှာ သေချာသွားတဲ့ နောက်မှာတော့ အမေရိကန်ရဲ့ အိမ်ရာနဲ့ မြို့ပြ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်က လက်ဝဲစွန်း နိုင်ငံရေး ဝါဒီတွေကြောင့် အစိုးရ shutdown ဖြစ်ရတာလို့ အပြစ်တင်ထားခဲ့ပါတယ်။ လက်ဝဲစွန်းတွေ ဆိုတာက ဒီမိုကရက်တစ် အင်အားစုတွေကို ထရမ့်ဘက်တော်သားတွေက ရည်ရွယ် ထိုးနှက်လေ့ရှိတဲ့ ဝေါဟာရလည်း ဖြစ်ပါတယ်။
လက်ဝဲစွန်းတွေက အမေရိကန် ပြည်သူတွေအတွက် အကြီးအကျယ် နစ်နာစေမယ့် ဒေါ်လာ ၁.၅ ထရီလီယံလောက် ငွေကြေးခွဲတမ်းကို သူတို့အလိုအတိုင်း ဘတ်ဂျတ် သတ်မှတ်မပေးလို့ အစိုးရ shutdown ဖြစ်သွားအောင် တွန်းပို့ခဲ့တာဆိုတဲ့ စာတန်းကို ဝက်ဘ်ဆိုက်ရဲ့ စာမျက်နှာတိုင်းမှာ ဖော်ပြထားခဲ့ပါတယ်။
လောလောဆယ် shutdown ဖြစ်နေမယ့် ကာလအတွင်း အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)လို အဖွဲ့အစည်းမျိုးကစလို့ နိုင်ငံတဝန်းမှာရှိတဲ့ ဖက်ဒရယ် အစိုးရ လက်အောက်ခံ ဌာနတွေမှာ ဝန်ဆောင်မှု လျှော့ချတာ၊ လုပ်ငန်းရပ်တာတွေ ကြုံလာရမှာပါ။ နိုင်ငံတစ်ဝန်းက ပြတိုက်တွေနဲ့ ဖက်ဒရယ် တရားရုံးတွေလည်း ပိတ်ထားရမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကို နောက်ကြောင်းပြန်ကြည့်ရင် ဝါရှင်တန်ဒီစီရဲ့ နှစ်ဖက် နိုင်ငံရေး အင်အားစုတွေကြားမှာ အစိုးရ အသုံးစရိတ်ကိစ္စတွေ ညှိကြတိုင်း တင်းမာမှုတွေ ရှိခဲ့တာကို တွေ့ရပါတယ်။ များသောအားဖြင့် အဲဒီတင်းမာမှုတွေဟာ အစိုးရကို shutdown ချရခါနီး မိနစ်ပိုင်း အလိုလောက်မှာ ပြေလည်အောင် ညှိနှိုင်းလိုက်နိုင်လေ့တော့ ရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အဲဒီလို ဖြစ်မသွားခဲ့ပါဘူး။
ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းတုန်းကလည်း ၂၀၁၈ အကုန်၊ ၂၀၁၉ နှစ်ဆန်းပိုင်းထိ ၃၅ ရက်ကြာ အစိုးရ shutdown ကြုံခဲ့ဖူးပြီး ဖက်ဒရယ် အစိုးရ အေဂျင်စီတချို့ အလုပ်ရပ်နားထားခဲ့ရပါတယ်။ အမေရိကန်မှာ သမ္မတ ဘာရတ်အိုဘားမား လက်ထက်တုန်းကလည်း ၂၀၁၃ နဲ့ ၂၀၁၈ ခုနှစ်တွေတုန်းက ၁၆ ရက်နဲ့ ၃ ရက်စီ ကြာမြင့်တဲ့ အစိုးရ shutdown အခြေအနေတွေ ကြုံတွေ့ခဲ့ပြီး အဲဒီအတောအတွင်း ဖက်ဒရယ် အေဂျင်စီ အားလုံးလိုလို လည်ပတ်မှု ရပ်တန့်နေခဲ့ကြောင်း သိရပါတယ်။
ကိုးကား: BBC


















































