အစိုးရ ဘတ်ဂျတ်ကိစ္စအတွက် အထက်လွှတ်တော်ထဲမှာ ဆွေးနွေးမှုတွေ အဆင်မပြေသေးတာကြောင့် အမေရိကန် အစိုးရ ယန္တရားတွေ ဆိုင်းငံ့ထားရတဲ့ shutdownကာလက ဆက်ပြီး ရှည်ကြာနေဦးမှာ ဖြစ်ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က အထက်လွှတ်တော်မှာ ဘတ်ဂျတ် အစီအမံအတွက် အာဏာရ ရီပတ်ဘလစ်ကန် ပါတီရော၊ အတိုက်အခံ ဒီမိုကရက်တစ် ပါတီကပါ သီးခြား အဆိုတွေ တင်သွင်းခဲ့ကြပေမယ့် နှစ်ဖက်စလုံးရဲ့ အဆိုတွေ အောင်မြင်ဖို့ စုစုပေါင်း ထောက်ခံမဲ ၆၀ အထိတော့ မရခဲ့ကြပါဘူး။
ဒါကြောင့်လည်း အောက်တိုဘာ ၁ ရက်နေ့ ကတည်းက စတင်ခဲ့တဲ့ shutdownဟာ တစ်ပတ် ကြာလာတဲ့ထိ တည်တံ့နေဆဲ ဖြစ်ပါတယ်။ အဲဒီ shutdown ကာလအတွင်း ဖက်ဒရယ် အစိုးရရဲ့ မရှိမဖြစ် မဟုတ်တဲ့ ဌာနတွေ အတော်များများဟာ လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းနေပြီး ဝန်ထမ်းတွေကိုလည်း ခွင့်ပေးထားရပါတယ်။ မဖြစ်မနေ အခြေအနေကြောင့် ရုံးတက်နေတဲ့ ဝန်ထမ်းတွေကလည်း လစာတွေ ဆိုင်းငံ့ ခံထားရပါတယ်။
လောလောဆယ် ပါတီနှစ်ခုကြား အဓိက ညှိမရ ဖြစ်နေတဲ့ ပြဿနာကတော့ ဒီမိုကရက်တစ်တွေက ပြည်သူ့ကျန်းမာရေး အထောက်အပံ့ အစီအမံတွေကို ဘတ်ဂျတ်အသစ်မှာ သက်တမ်းတိုးစေဖို့ တောင်းဆိုနေတာဖြစ်ပြီး ရီပတ်ဘလစ်ကန်တွေကတော့ ကျန်းမာရေး စောင့်ရှောက်မှုဟာ အစိုးရ ဘတ်ဂျတ်အသစ်နဲ့ သီးခြားစီ သတ်မှတ်ရမယ့် ကိစ္စလို့ ယူဆထားခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ အမြင်ကွဲပြားမှုကို ညှိမရသေးတာကြောင့် ဘတ်ဂျတ်အသစ် သဘောမတူနိုင်သေးဘဲ အစိုးရ shutdown ဖြစ်နေတာပါ။

Public Service Announcement
သမ္မတ ထရမ့်ကတော့ တကယ်လို့ အောက်တိုဘာ ၆ ရက်နေ့ လွှတ်တော်တွင်း ညှိနှိုင်းမှုတွေ အဆင်မချောဘူးဆိုရင် ဖက်ဒရယ် အစိုးရ ဝန်ထမ်း အများအပြားကို ရာထူးက ထုတ်ပယ်တာမျိုး လုပ်ထုံးလုပ်နည်းတွေကို ရွေးချယ်ရဖွယ် ရှိနေကြောင်း သတိပေးထားပါတယ်။
လောလောဆယ်တော့ အမေရိကန်မှာ ထောင်သောင်းချီတဲ့ ဝန်ထမ်းတွေဟာ ခွင့်သတ်မှတ် ခံထားရတာ၊ ဒါမှမဟုတ် လစာမရသေးဘဲ ဆက်အလုပ်လုပ်ရတာမျိုး အခြေအနေတွေကို ဖြတ်သန်းနေရပါတယ်။
အောက်တိုဘာလ ၆ ရက်နေ့က ဒီမိုကရက်တစ် ပါတီဖက်က တင်သွင်းတဲ့ ဘတ်ဂျတ် အဆိုမူကြမ်းဟာ ၄၅ မဲ – ၅၀ မဲနဲ့ အရေးနိမ့်ခဲ့ပြီး ရီပတ်ဘလစ်ကန်တွေရဲ့ အဆိုကတော့ ၅၂ မဲ – ၄၂ မဲနဲ့ အသာရခဲ့တဲ့တိုင် လိုအပ်တဲ့ စုစုပေါင်း ထောက်ခံမဲ ၆၀ ထိတော့ မရခဲ့ပါဘူး။
မဲခွဲမှု အဆင်မပြေခဲ့ပြန်တဲ့နောက် ထရမ့်က သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ဒီမိုကရက်တစ်တွေကို ဝေဖန် ရေးသားခဲ့ပါတယ်။ သူက ဒီမိုကရက်တစ် ပါတီဟာ အစိုးရကို တမင်တကာ ရပ်ဆိုင်းအောင် လုပ်နေတာလို့ စွပ်စွဲခဲ့ပါတယ်။ ဒီမိုကရက်တစ်တွေက သူတို့ရဲ့ အသုံးမတည့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မူဝါဒတွေကို ဆက်ပြီး ဆုပ်ကိုင်ထားလည်း သူ့အတွက် ပြဿနာ မရှိကြောင်း၊ ဒါပေမဲ့ အစိုးရ ယန္တရား ပြန်လည်ပတ်စေဖို့တော့ ဒီမိုကရက်တစ် ပါတီမှာ တာဝန်ရှိကြောင်း၊ တကယ်ဆိုရင် အောက်တိုဘာ ၆ ရက် ညပိုင်းမှာ ကတည်းက အစိုးရ ပြန်လည်ပတ်အောင် ဒီမိုကရက်တစ် ပါတီဖက်က စဉ်းစားပေးခဲ့သင့်ကြောင်း ထရမ့်က ရေးသားထားခဲ့ပါတယ်။
ဒီမိုကရက်တစ် ပါတီကတော့ ဝင်ငွေနည်းပါးတဲ့ အမေရိကန် မိသားစုတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု စရိတ်တွေကို ဖြတ်တောက်လျှော့ချမယ့် အချက်ကို ပြင်မပေးမချင်း ရီပတ်ဘလစ်ကန်တွေ တင်သွင်းတဲ့ ဘတ်ဂျတ် အဆိုပြုချက်ကို ထောက်ခံမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
တစ်ဖက်မှာတော့ ရီပတ်ဘလစ်ကန်တွေကလည်း ဒီမိုကရက်တစ်တွေဟာ အထောက်အထားမဲ့ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးချင်လို့ အစိုးရကိုတောင် shutdown အဖြစ်ခံခဲ့တယ်လို့ တုံ့ပြန် စွပ်စွဲနေပါတယ်။ ဒီမိုကရက်တစ် ပါတီကတော့ အဲဒီ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
ထရမ့်ကတော့ သူဟာ လောလောဆယ်မှာ ဒီမိုကရက်တစ် ပါတီရဲ့ ခေါင်းဆောင်ပိုင်းနဲ့ ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ အောက်တိုဘာ ၆ ရက်နေ့က အိမ်ဖြူတော်မှာ ပြောကြားခဲ့ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု အစီအမံ ကိစ္စအပါအဝင် ဒီမိုကရက်တစ်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ကောင်းမွန်တဲ့ အရာတွေလည်း ဖြစ်ပေါ်နေတယ်လို့ ထရမ့်က ပြောဆိုထားခဲ့တာပါ။ ဒါပေမဲ့ အထက်လွှတ်တော် ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ချက်ခ်ရှူးမားကတော့ ထရမ့်ရဲ့ မှတ်ချက်ပေး ပြောဆိုနေမှု ဗီဒီယိုကို လူမှုကွန်ရက် ဗီဒီယို Xပေါ်မှာ တင်ခဲ့ပြီး အဲဒီကိစ္စ မဟုတ်မှန်ဘူးလို့ တုံ့ပြန် ငြင်းချက်ထုတ်ခဲ့ပါတယ်။
ဒီအတောအတွင်း အိမ်ဖြူတော်က shutdownကို အကြောင်းပြုပြီး ဖက်ဒရယ် အစိုးရ ဝန်ထမ်း အများအပြားကို အပြီးတိုင် ထုတ်ပယ်မယ့် အခြေအနေကလည်း အရမ်း နီးကပ်လာနေကြောင်း သတိပေးထားပါတယ်။ အိမ်ဖြူတော်ရဲ့ ပြန်ကြားရေး တာဝန်ခံ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က ဖက်ဒရယ် အစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ အသုံးစရိတ်ရုံးဟာ ဘယ်အေဂျင်စီတွေရဲ့ ဘယ်ဝန်ထမ်းတွေကို ထုတ်ပယ်မလဲ ဆိုတာကို ဆွေးနွေး ညှိနှိုင်းမှုတွေ စတင်လုပ်ဆောင်နေပြီလို့လည်း ပြောကြားသွားပါတယ်။
ကိုးကား: BBC
















































