အောက်တိုဘာ-၂၁၊၂၀၂၅။People’s Spring
အမေရိကန် အစိုးရ ယန္တရား ရပ်တန့်နေမှု (shutdown)ကာလကြာမြင့်လာတဲ့နောက် အစိုးရဟာ နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေရဲ့ လုံခြုံရေးကို ကြီးမှူးတာဝန်ယူရတဲ့ဝန်ထမ်းတွေကိုပါ ခွင့်သတ်မှတ်အနားပေးပြီးရုံးမတက်ဖို့ ညွှန်ကြားခဲ့ရပါတယ်။
လွှတ်တော်မှာ အစိုးရ အသုံးစရိတ် ဘတ်ဂျတ် အစီအမံသစ် ညှိနှိုင်းမှုတွေ အဆင်မပြေ ဖြစ်ခဲ့တဲ့နောက် အမေရိကန်မှာ အောက်တိုဘာ လဆန်း ကတည်းက အစိုးရ shotdown ဖြစ်နေခဲ့တာပါ။ အဲဒီ အတောအတွင်း ဖက်ဒရယ် အစိုးရရဲ့ မဖြစ်မနေ လိုအပ်တာမျိုး မဟုတ်တဲ့ အလုပ်ဌာနတွေကို ယာယီ ပိတ်ထားရပြီး ဝန်ထမ်း အများအပြားကို ခွင့်သတ်မှတ်ထားခဲ့ရပါတယ်။ အောက်တိုဘာ ၂၀ မှာတော့ အမျိုးသား နျူကလီးယား လုံခြုံရေး ဦးစီးဌာန (NNSA)ရဲ့ ဝန်ထမ်းတွေထဲက ၁၄၀၀ လောက်ဟာ ခွင့်သတ်မှတ်ခံရပြီး ရုံးတက်ရတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
NNSAဟာ အမေရိကန်ရဲ့ နျူကလီးယား လက်နက်တွေကို ဒီဇိုင်းထုတ်တဲ့၊ ထုတ်လုပ်တဲ့၊ ထိန်းသိမ်းပေးတဲ့၊ လုံခြုံရေးယူပေးတဲ့ကန်ထရိုက်လုပ်ငန်း ၆၀၀၀၀ လောက်ကို ဦးစီး ညွှန်ကြားရတဲ့ အဖွဲ့အစည်းပါ။ အမေရိကန်ရဲ့ လက်နက်တိုက်ထဲမှာ နျူကလီးယားထိပ်ဖူး ၅၁၇၇ ခု ရှိနေပြီး ၁၇၇၀ ကို တိုက်ပွဲဝင်အဆင့် ဖြန့်ကျက်ထားပါတယ်။

Public Service Announcement
အာဏာရ ရီပတ်ဘလစ်ကန် ပါတီကတော့ လွှတ်တော်မှာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဖက်က ခေါင်းမာလွန်းတာကြောင့် ဘတ်ဂျတ်ကိစ္စ ညှိမရ ဖြစ်နေတာလို့ ပြောပါတယ်။ ဒီမိုကရက်တစ်တွေက အမေရိကန်ရဲ့ ဝင်ငွေ နည်းပါးတဲ့ လူတန်းစားအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မယ့် ရှိရင်းစွဲ အစီအမံ တစ်ခုကို ဘတ်ဂျတ် အသစ်မှာ ဆက်လက် ထည့်သွင်းစေချင်ပေမယ့် ရီပတ်ဘလစ်ကန်တွေကတော့ အစိုးရ ဘတ်ဂျတ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍဟာ သီးခြားစီ ရှိသင့်တယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။ အဲဒီကိစ္စကို ညှိမရလို့ အစိုးရ shutdown ဖြစ်နေပြီး နောက်ဆက်တွဲ ဆွေးနွေးမှုတွေကလည်း အခုထိ မအောင်မြင်သေးပါဘူး။
အမေရိကန် စွမ်းအင် ဝန်ကြီးဌာနက ဒီမိုကရက်တစ်တွေ ဖန်တီးတဲ့ shutdownကြောင့် NNSAရဲ့ ဝန်ထမ်း ၁၄၀၀ ဝန်းကျင်ကို အောက်တိုဘာ ၂၀ ရက်နေ့မှာ စတင်ပြီး ခွင့်သတ်မှတ်လိုက်ရကြောင်း၊ အသက်အိုးအိမ်တွေကို ကာကွယ်ရမယ့် လုပ်ငန်း တာဝန်တွေ ဆက်လက် ထမ်းဆောင်ဖို့အတွက် ဝန်ထမ်း ၄၀၀ လောက်ကိုတော့ ဆက်လက် တာဝန်ပေးထားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အသေးစိတ်အချက်အလက်တွေကိုစွမ်းအင် ဝန်ကြီးဌာနက မကြေညာပေမယ့် အဲဒီ ခွင့်သတ်မှတ်မှုဟာ တက္ကဆက်စ် ပြည်နယ်ထဲမှာရှိတဲ့ Pantexနဲ့ တင်နက်ဆီ ပြည်နယ်ထဲက Y-12လို နျူကလီးယား လက်နက် တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံတွေမှာ ထားရှိတဲ့ NNSA ဝန်ထမ်းတွေကို အရင်ဆုံး ထိခိုက် သက်ရောက်လာမယ်လို့ ယူဆရပါတယ်။
အမေရိကန် အစိုးရ shutdown ဖြစ်နေတာ ရက် ၂၀ ကြာလာပြီးတဲ့နောက်သမိုင်းမှာအချိန်အကြာညောင်းဆုံး အပြည့်အဝ shutdown ဖြစ်လာပါတယ်။အစိုးရယန္တရားတစ်ဝက်တစ်ပိုင်း shutdownဖြစ်ခဲ့တဲ့ အကြိမ်တွေကိုပါ ထည့်တွက်ရင်တော့ လက်ရှိ shutdownဟာ တတိယ အကြာညောင်းဆုံးအဖြစ် ရှိနေပါတယ်။
ထရမ့်ကတော့ ရီပတ်ဘလစ်ကန်တွေ အဆိုပြုတဲ့ ဘတ်ဂျတ်ကို လက်ခံပြီး shutdownကို ရပ်တန့်ပေးဖို့ ဒီမိုကရက်တစ်ပါတီကိုအပြင်းအထန် ဖိအားပေးနေပါတယ်။ လက်ရှိအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ အစိုးရဟာ မလွှဲသာတဲ့ အခြေအနေအရ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေအတွက် အသုံးစရိတ်တွေ အများအပြား လျှော့ချတာ၊ ဝန်ထမ်းတွေ အများကြီးကို အလုပ်ထုတ်ပယ်တာမျိုး နည်းလမ်းတွေကို ရွေးချယ်ရလိမ့်မယ်လို့ ထရမ့်က ခြိမ်းခြောက်ထားပါတယ်။
ဒီမိုကရက်တစ်တွေအနေနဲ့အခုထက်ပိုပြီးစိတ်ဖောက်မနေတော့ဖို့၊ မကြာခင်မှာ အစိုးရ ယန္တရားကို ပြန်ဖွင့်နိုင်မယ့် မဲအရေအတွက်မျိုး ရရှိဖို့ မျှော်လင့်ကြောင်း၊ ဒီမိုကရက်တစ်တွေ ကိုယ်တိုင်လည်း ဒီလိုအတွေးမျိုးစဝင်နေပြီလို့သူသတင်းကြားမိကြောင်း ထရမ့်က အိမ်ဖြူတော်မှာ ပြောကြားခဲ့ပါတယ်။
အိမ်ဖြူတော်ရဲ့ အမျိုးသား စီးပွားရေး ကောင်စီ ညွှန်ကြားရေးမှူးချုပ် ကီဗင် ဟက်ဆတ်က အခု သီတင်းပတ်အတွင်းတစ်ရက်ရက်မှာ shutdown ကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် ဘတ်ဂျတ်ကိစ္စ ညှိနှိုင်းမှုမှာ ဒီမိုကရက်တစ်တွေက ခေါင်းမာနေပြီး မအောင်မြင်တာမျိုး ဖြစ်လာမယ်ဆိုရင်တော့ ပိုပြီး ပြင်းထန်တဲ့တုံ့ပြန်မှုတွေကိုရွေးချယ်ရမယ်လို့ သူကသတိပေးသွားပါတယ်။
ဒီမိုကရက်တစ် ပါတီဖက်က အဓိက တောင်းဆိုချက်ဟာ အမေရိကန် ပြည်သူ ၂၄ သန်းလောက်အတွက် ကျန်းမာရေး အထောက်အပံ့ ကူညီနိုင်မယ့် ရန်ပုံငွေ ခွဲတမ်းသတ်မှတ်ချက်ကိုဘတ်ဂျတ် အသစ်မှာသက်တမ်းထပ်တိုးဖို့ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၀ ညပိုင်းကလွှတ်တော်မှာ အောက်တိုဘာလအတွင်း ၁၁ ကြိမ်မြောက်အဖြစ် ဘတ်ဂျတ်ကိစ္စကို အသစ်ထပ် ညှိနှိုင်းခဲ့ပြီးမဲခွဲမှုက မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။
ကိုးကား: AFP


















































