မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေ ထုတ်လုပ်မှုကို မတားမြစ်ဘူးဆိုရင် နောင်တစ်ချိန် စျေးကွက်ထဲ အဲဒီလက်နက်တွေ ရောင်းချတဲ့ အန္တရာယ်မျိုး ဖြစ်လာနိုင်ကြောင်း တောင်ကိုရီးယား သမ္မတက သတိပေး ပြောကြားလိုက်ပါတယ်။
New York Times သတင်းဌာနနဲ့ အင်တာဗျူးမှာ သမ္မတ လီဂျေမြောင်က အခုလို မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။ သူက မြောက်ကိုရီးယားရဲ့ ရှိရင်းစွဲ နျူကလီးယား လက်နက်တွေ ဖျက်သိမ်းဖို့ တောင်းဆိုတာဟာ လက်တွေ့ မကျတော့တဲ့အတွက် လက်ရှိ ထုတ်လုပ်နှုန်းကို ရပ်တန့်ပစ်ဖို့ပဲ ဦးစားပေး လုပ်ဆောင်သင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန် အင်တာဗျူးမှာ လီက အမေရိကန် အစိုးရဟာ အဲဒီလို ညှိနှိုင်းမှုတွေအတွက် မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုတွေကိုလည်း ဖြေလျှော့ပေးရေး စဉ်းစားသင့်ကြောင်း အကြံပြုခဲ့ပါတယ်။
လက်ရှိ အနေအထားမှာတော့ နျူကလီးယားလက်နက် အပြီးတိုင် ဖျက်သိမ်းရေးဆိုတဲ့ ကတိမျိုးက လက်တွေ့ အထမြောက်နိုင်ခြေ မရှိဘူးလို့ သူက ဆိုပါတယ်။ အဲဒီအစား အမေရိကန်ဟာ မြောက်ကိုရီးယားက နျူကလီးယား လက်နက်တွေနဲ့ တာဝေးပစ် ဒုံးကျည်တွေ ဆက်လက် ထုတ်လုပ်မှုကို ရပ်တန့်သွားအောင် အဓိက ဦးတည်ပြီး ချဉ်းကပ် ဆွေးနွေးသင့်ကြောင်း လီက ပြောပါတယ်။

Public Service Announcement
စီးပွားရေး ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးခြင်း အပါအဝင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တခြားအစိုးရ အရာရှိတွေက နိုင်ငံ လုံခြုံရေးအတွက် နျူကလီးယား လက်နက်တွေကို အရေးတကြီး မှီခိုနေစရာ မလိုတော့ဘူးဆိုတဲ့ စိတ်သက်သာရာ ရစေမှုတွေကို ဖန်တီးပေးဖို့ လိုကြောင်း တောင်ကိုရီးယား သမ္မတက ပြောပါတယ်။
တောင်ကိုရီးယားရဲ့ ခန့်မှန်းမှုတွေအရ မြောက်ကိုရီးယားဟာ လက်ရှိမှာ တစ်နှစ်ကို နျူကလီးယားလက်နက် ၁၀ ခုနဲ့ အခု ၂၀ ကြား တိုးချဲ့ ထုတ်လုပ်နေနိုင်တယ်လို့ ယုံကြည်ရကြောင်း၊ နောင်တစ်ချိန်မှာ နိုင်ငံရဲ့ ရပ်တည်မှုကို အာမခံနိုင်လောက်အောင် ဖူလုံတဲ့ နျူကလီးယားလက်နက် အရေအတွက်မျိုး ပိုင်ဆိုင်ပြီးပြီလို့ ယူဆရင် မြောက်ကိုရီးယားဟာ အဲဒီ ဖျက်အားပြင်း လက်နက်တွေကို တင်ပို့ရောင်းချပြီး ငွေကြေးရှာဖွေလာနိုင်ကြောင်း၊ အဲဒီအခါကျရင်တော့ အန္တရာယ် သိပ်ကြီးသွားတော့မှာဖြစ်ကြောင်း လီက ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ဆက်လက် ထုတ်လုပ်နေမှုတွေကို အရင်ဆုံး ရပ်တန့်နိုင်မယ်ဆိုရင် ယုံကြည်မှု တည်ဆောက်ဖို့ ပိုမို လွယ်ကူလာပြီး နောင်တစ်ချိန်မှာ နျူကလီးယား လက်နက် အရေအတွက်ကို လျှော့ချတာမျိုး စည်းရုံးလာနိုင်မယ်လို့ လီက မျှော်လင့်နေပါတယ်။
သူက မြောက်ကိုရီးယား နျူကလီးယား လက်နက် ထုတ်လုပ်မှု ရပ်တန့်ရေး၊ ပိုင်ဆိုင်မှု လျှော့ချရေးနဲ့ ဖျက်သိမ်းရေးဆိုင်ရာ တစ်ဆင့်ချင်း ချဉ်းကပ်တဲ့ ပုံစံတစ်ခုကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း အဆိုပြုသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
လီရဲ့ တောင်ကိုရီးယား အစိုးရဟာ တစ်ဖက်မှာလည်း မဟာမိတ် အမေရိကန်နဲ့ ကုန်သွယ်ရေး ညှိနှိုင်းမှုတွေ တင်းမာနေတာကို ဖြေလျှော့ဖို့ အပူတပြင်း ကြိုးစားနေပါတယ်။ အဲဒီအတွက် တောင်ကိုရီးယားဟာ တက္ကဆက်စ် ပြည်နယ်ထဲမှာ ဓာတ်ငွေ့လောင်စာသုံး အကြီးစား ဓာတ်အားပေး စက်ရုံတစ်ခုနဲ့ အမေရိကန် အနှံ့မှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ ၈ ခု ရင်းနှီးမြှုပ်နှံ တည်ဆောက်တာမျိုး ထရမ့်ကို ကမ်းလှမ်းဖွယ် ရှိနေပါတယ်။
လီဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်ရင် ပျော့ပျောင်းတဲ့ သဘောထားနဲ့ ချဉ်းကပ်တဲ့ မူဝါဒမျိုးကို လက်ကိုင်ပြုထားသူ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ မြောက်ကိုရီးယား အစိုးရက တောင်ကိုရီးယားအပေါ် ရန်သူတော် နံပါတ်တစ်အဖြစ် သတ်မှတ်ထားပြီး နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှု ဖြစ်နိုင်ခြေ အားလုံးကို ပယ်ချထားပါတယ်။ ပြီးတော့ နျူကလီးယား လက်နက် နိုင်ငံအဖြစ် ရပ်တည်မှုကိုလည်း လုံးဝ ရုပ်သိမ်းမှာ၊ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ထားပါတယ်။
ကိုးကား: New York Times



















































