အမေရိကန် လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီပလော့စီဟာ နိုင်ငံရေး နယ်ပယ်ကနေ အနားယူတော့မယ်လို့ ဆုံးဖြတ် ကြေညာခဲ့ပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ်ကို အခြေပြုပြီး ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု ဝါရင့် လွှတ်တော် အမတ်တစ်ဦးအဖြစ် ဆယ်စုနှစ်တွေနဲ့ချီ ရပ်တည်ခဲ့တဲ့နောက် ပလော့စီဟာ သူ့ရဲ့ နိုင်ငံရေးသမား ဘဝကို အဆုံးသတ်တော့မယ့်အကြောင်း နိုဝင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပလော့စီက သူ့ရဲ့ အောက်လွှတ်တော် အမတ်နေရာ လက်ရှိသက်တမ်း ကုန်ဆုံးမယ့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလကျရင် နောက်တစ်ကြိမ် ရွေးကောက်ပွဲ ထပ်မဝင်တော့ဘူးလို့ အတည်ပြုခဲ့ပါတယ်။ တစ်နည်းအားဖြင့် အမေရိကန်မှာ အများ လေးစားမှုကို အခံရဆုံး နိုင်ငံရေးသမား ဘဝကို အပြီးသတ်ဖို့ သူက ဆုံးဖြတ်လိုက်တဲ့ သဘောပါပဲ။
ပလော့စီဟာ အသက် ၈၅ နှစ် ရှိပြီဖြစ်ပြီး အမေရိကန် သမိုင်းမှာ လွှတ်တော် ဥက္ကဋ္ဌ တာဝန်ကို ယူခွင့်ရတဲ့ ပထမဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူဟာ ဒီမိုကရက်တစ် ပါတီရဲ့ အောက်လွှတ်တော် အစုအဖွဲ့တွေကို ၂၀၀၃ ကနေ ၂၀၂၃ ခုနှစ်ထိ ခေါင်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူဟာ အောက်လွှတ်တော် ဒီမိုကရက်တစ် ခေါင်းဆောင် အဖြစ်ကနေ နုတ်ထွက်ခဲ့ပြီး အမတ်တစ်ဦး အနေနဲ့ပဲ ဆက်ပြီး အလုပ်လုပ်နေခဲ့ပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒီမိုကရက်တစ် ပါတီဟာ သမိုင်းသစ်တွေ၊ တိုးတက်မှုတွေကို ဖန်တီးနိုင်ခဲ့ကြောင်း၊ အဲဒီ လမ်းကြောင်း အတိုင်းပဲ ဆက်ပြီး လျှောက်နေခဲ့ကြောင်း၊ ပါတီမှာ ဆက်ပြီး ကျန်နေမယ့် သူတွေကလည်း ဒီမိုကရေစီအတွက် ဆက်ပြီး ပါဝင် တိုက်ခိုက်ပေးနေဖို့၊ အမေရိကန်ရဲ့ စံတန်ဖိုးတွေကို ထိန်းသိမ်းနိုင်အောင် ဆက်လက် တိုက်ပွဲဝင်ပေးနေဖို့လိုကြောင်း သူ့ရဲ့ အနားယူမယ့်အကြောင်း သတင်းစကားနဲ့အတူ ပလော့စီက တိုက်တွန်းခဲ့ပါတယ်။
ပလော့စီဟာ ဆန်ဖရန်ဆစ္စကိုမြို့ရဲ့ အောက်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အသက် ၄၇ နှစ်အရွယ်၊ ၁၉၈၇ ခုနှစ်မှာ စတင် ရွေးကောက် ခံခဲ့ရပါတယ်။ အဲဒီနောက် သူ့ရဲ့ နိုင်ငံရေးသမားဘဝ ဖြတ်သန်းမှုဟာ လျင်လျင်မြန်မြန် မြင့်တက်လာခဲ့ပါတယ်။ ၂၀၀၇ မှာတော့ သူဟာ အမေရိကန် လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်တွေ အသာစီး ရလာတဲ့ ၂၀၁၁ ထိ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဒီမိုကရက်တစ်တွေ တကျော့ပြန် အားကောင်းလာတဲ့ ၂၀၁၉ ကနေ ၂၀၂၃ မှာလည်း ပလော့စီဟာ အဲဒီရာထူးကို ဒုတိယအကြိမ် တာဝန်ယူခဲ့ပြန်ပါတယ်။
အောက်လွှတ်တော်မှာ အင်အားအသာစီး ရထားတဲ့ ပါတီရဲ့ အကြီးအကဲဟာ လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူရလေ့ ရှိပါတယ်။ အထက်လွှတ်တော်ရဲ့ အကြီးအကဲ နေရာကိုတော့ ဒုတိယ သမ္မတကို သတ်မှတ်လေ့ရှိပါတယ်။ အမေရိကန်မှာ သမ္မတနဲ့ ဒုတိယ သမ္မတ ရုတ်တရက် သေဆုံးရင်၊ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် ဆက်ပြီး တာဝန်မယူနိုင်ရင် လွှတ်တော် ဥက္ကဋ္ဌဟာ သမ္မတနေရာအတွက် တာဝန်ယူရမှာ ဖြစ်ပါတယ်။
ပလော့စီဟာ အမေရိကန် သမ္မတ ဘာရတ် အိုဘားမား လက်ထက်တုန်းက အရေးပါတဲ့ ကျန်းမာရေး စောင့်ရှောက်မှု မူဝါဒ အပြောင်းအလဲတွေအတွက် အများကြီး ကူညီခဲ့သူဖြစ်ပြီး လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့တော့ မကြာခဏ ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့ဖူးပါတယ်။ တစ်ကြိမ်တုန်းကဆိုရင် ထရမ့် မိန့်ခွန်းပြောနေတဲ့အချိန် ပလော့စီက နောက်မှာရပ်ရင်း ထရမ့်ရဲ့ မိန့်ခွန်းစာရွက် မိတ္တူတစ်စောင်ကို စိမ်ပြေနပြေ စုတ်ဖြဲရင်း အသံတိတ် ဆန္ဒပြခဲ့ဖူးပါတယ်။
သူဟာ ထရမ့်ကို စွပ်စွဲပြစ်တင်ရေးအတွက် လွှတ်တော်တွင်း အားထုတ် အဆိုပြုမှု နှစ်ခုမှာလည်း ဦးဆောင်ခဲ့ဖူးပါတယ်။ ဒီတော့ ထရမ့်က သူ့ကို မကြည်တာလည်း မဆန်းပါဘူး။
ပလော့စီ အနားယူတော့မယ့်အကြောင်း သတင်းထောက်တွေက ထရမ့်ကို သဘောထားအမြင် မေးမြန်းတဲ့အခါ ထရမ့်က ပလော့စီဟာ မကောင်းဆိုးဝါးမကြီးလို့ ပြန်ဖြေခဲ့ပါတယ်။
သူအနားယူသွားတာ ဝမ်းသာကြောင်း၊ သူ့ရဲ့ အနားယူမှုဟာ နိုင်ငံအတွက် အကောင်းဆုံး အလုပ်အကျွေးပြုမှုဖြစ်ကြောင်း ထရမ့်က အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သူ့အမြင်မှာတော့ ပလော့စီဟာ အမေရိကန် နိုင်ငံအတွက် အင်မတန် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီးလို့လည်း ထရမ့်က မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား: BBC



















































