Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အွန်လိုင်းငွေလိမ်သူတွေကို ကြိမ်ဒဏ်ပေးတဲ့ ဥပဒေ ကျင့်သုံးတော့မယ့် စင်ကာပူ

ငွေလိမ်တဲ့သူတွေကိုကြိမ်ဒဏ်ချမှတ်မယ့်ဥပဒေသစ်ကိုစင်ကာပူ လွှတ်တော်က ဆုံးဖြတ် အတည်ပြုလိုက်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - DW 

နိုဝင်ဘာ -၇ ၊၂၀၂၅

ငွေလိမ်တဲ့သူတွေကိုကြိမ်ဒဏ်ချမှတ်မယ့်ဥပဒေသစ်ကိုစင်ကာပူ လွှတ်တော်က ဆုံးဖြတ် အတည်ပြုလိုက်ကြောင်း သိရပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံဟာ အများပိုင် ဧရိယာတွေမှာ တံတွေးထွေးတာ၊စည်းကမ်းမဲ့အမှိုက်ပစ်တာမျိုးတွေကို ပြင်းပြင်းထန်ထန် ဒဏ်ရိုက်တာတွေကြောင့် လူသိများပါတယ်။

အခုတော့ ငွေကြေး လိမ်လည်သူတွေ၊ ငွေလိမ်တဲ့ အလုပ်အတွက် လူစုသူတွေကို ကြိမ်ဒဏ် ချမှတ်မယ့် ဥပဒေကိုပါ ကျင့်သုံးလာတော့မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်းဝန်ကြီးဆင်မ်အန်းကအဲဒီ ဥပဒေ ကြမ်းကို စတင် အဆိုပြုခဲ့ပြီး အခုသီတင်းပတ်ထဲမှာ လွှတ်တော်က မဲခွဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အန်းက စင်ကာပူမှာ ဖြစ်ပွားနေတဲ့ ရာဇဝတ်မှု အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းဟာ လိမ်လည်မှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဥပဒေသစ်အရပြစ်ဒဏ်ကျူးလွန်သူတွေဟာရှိရင်းစွဲပုဒ်မတွေရဲ့ သတ်မှတ်ပြစ်ဒဏ်တွေအပြင် ကြိမ်ဒဏ် ၆ ချက်ကနေ ၂၄ ချက်ထိ ကျခံရမှာ ဖြစ်ပါတယ်။

စင်ကာပူမှာတော့ မုဒိမ်းမှု၊ မူးယစ်ဆေး မှောင်ခိုမှု၊ တရားမဝင် ငွေကြေး ခဝါချမှုတွေကိုလည်း ကြိမ်ဒဏ် ပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ ကျူးလွန်သူဟာ အသက် ၅၀ အောက် အမျိုးသား ဖြစ်မှသာ အဲဒီ ပြစ်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။

စင်ကာပူမှာတော့ ကြိမ်ဒဏ်ပေးတာကို ၁၉ ရာစုတုန်းက ဗြိတိန် ကိုလိုနီ အုပ်စိုးနေခဲ့ချိန် ကာလတွေ အတောအတွင်း စတင် ကျင့်သုံးခဲ့ပါတယ်။ ခေတ်သစ် စင်ကာပူနိုင်ငံ ပေါ်ထွန်းလာချိန်မှာလည်း အဲဒီ ပြစ်ဒဏ်ကို လက်ဆင့်ကမ်းခဲ့ပါတယ်။

ကြိမ်ဒဏ်ဆိုတာ စကားလုံးအရ သိပ်ပြီး ပြင်းထန်ပုံ မရပေမယ့်လည်း ကိုယ်တိုင် ကြုံဖူးသူတွေကတော့ အဲဒီ ရှည်လျားကျစ်လစ်တဲ့ တုတ်နဲ့ အရိုက်ခံရတဲ့ ဒဏ်ဟာ မချိမဆံ့ ခံစားရလွန်းတယ်လို့ ပြောပါတယ်။ ကြိမ်ဒဏ် ဒုတိယ တစ်ချက်၊ တတိယ တစ်ချက်လောက်မှာ အရေပြားက စုတ်ပြတ်သွားတဲ့ထိ ဖြစ်နိုင်ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းမှာတော့ မလေးရှား၊ အင်ဒိုနီးရှားတို့လို နိုင်ငံတွေ၊ ပြီးတော့ အရှေ့အလယ်ပိုင်းက အစ္စလာမ်မစ် တရားစီရင်ရေး စနစ်တွေ ထည့်သွင်းကျင့်သုံးတဲ့ နိုင်ငံတွေမှာလည်း ကြိမ်ဒဏ်ပေးမှုကို ကျင့်သုံးနေဆဲပါ။

စင်ကာပူဟာ လုံခြုံရေးနဲ့ ပတ်သက်လို့ ကောင်းသတင်းနဲ့ ကျော်ကြားတဲ့ နိုင်ငံဖြစ်ပေမယ့် ကမ္ဘာလှည့် ခရီးသည်တွေ အနေနဲ့ လူလိမ်တွေရဲ့ အန္တရာယ်ကို သတိပြုဖို့ လိုတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ငွေကြေး လိမ်လည်သူတွေဟာ ဖုန်းကနေ messageတွေ ပို့တာ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေအဖြစ် ဟန်ဆောင်တာမျိုး နည်းတွေကို အသုံးပြုပြီး လှည့်စားလေ့ ရှိတယ်လို့လည်း သိရပါတယ်။

ကိုးကား – News.Au 

ဆက်စပ်သတင်းများ