Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တတိယမြောက် လေယာဉ်တင် သင်္ဘောကို တရုတ်ရေတပ် တရားဝင် လက်ခံယူ

တတိယမြောက် လေယာဉ်တင် သင်္ဘောအသစ်ကြီးကို တရားဝင် စတင် အသုံးပြုပြီဖြစ်ကြောင်း တရုတ်ရေတပ်က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - AP

တတိယမြောက် လေယာဉ်တင် သင်္ဘောအသစ်ကြီးကို တရားဝင် စတင် အသုံးပြုပြီဖြစ်ကြောင်း တရုတ်ရေတပ်က ကြေညာခဲ့ပါတယ်။

ဖူကျန်း လေယာဉ်တင် သင်္ဘောကြီးကို ရေတပ်ဆီ အခမ်းအနားနဲ့ လွှဲပြောင်းပေးအပ်ခဲ့တယ် ဆိုတာကို တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက နိုဝင်ဘာ ၇ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ တပ်တော်ဝင် အခမ်းအနားကိုတော့ ဟိုင်နန်မှာ နိုဝင်ဘာ ၅ ရက်နေ့က ကျင်းပခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဖူကျန်းဟာ တရုတ်ရေတပ်ရဲ့ ပထမနဲ့ ဒုတိယ လေယာဉ်တင် သင်္ဘောတွေထက် အရွယ်အစား ပိုကြီးသလို နည်းပညာပိုင်းလည်း အများကြီး ပိုခေတ်မီတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် လေယာဉ်တွေကို လွှတ်တင်ရာမှာ ပိုပြီး ခေတ်မီတဲ့ လျှပ်စစ်သံလိုက် လောက်လွှဲစနစ် ပါရှိလာပြီး အကျိုးဆက်အဖြစ် လေယာဉ်တွေလည်း အရေအတွက်များများ ပိုမို တင်ဆောင်လာနိုင်တယ်လို့ ရှင်ဟွာမှာ ရေးသားထားခဲ့ပါတယ်။

ဖူကျန်း လေယာဉ်တင် သင်္ဘောကြီးဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပင်လယ်ပြင် လက်တွေ့ ခုတ်မောင်း စမ်းသပ်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး အခုတော့ ရေတပ်နဲ့ အကြီးဆုံး စစ်သင်္ဘော ဖြစ်လာတော့မှာပါ။

Public Service Announcement

Public Service Announcement

တရုတ်ဟာ အမေရိကန်ရဲ့ စစ်အင်အားကို ယှဉ်ပြိုင်ဖို့အတွက် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကာကွယ်ရေး ကဏ္ဍမှာ ငွေကြေး အလုံးအရင်း မြှုပ်နှံခဲ့ပါတယ်။ လေယာဉ်တင် သင်္ဘောတွေ တည်ဆောက်ရေးဟာလည်း နိုင်ငံရဲ့ စစ်ရေးနည်းပညာကို ချဲ့ထွင်လိုတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်အတွက် အဓိက ရည်မှန်းချက်တစ်ခု ဖြစ်ခဲ့ပေမယ့် နည်းပညာပိုင်းမှာတော့ တရုတ် လေယာဉ်တင် သင်္ဘောတွေဟာ ပြိုင်ဘက် အမေရိကန်ထက် အများကြီး နောက်ကျနေဆဲလို့ စစ်ရေး သုတေသီတွေက ပြောပါတယ်။

ဖူကျန်းဟာ ပြန့်ပြူးတဲ့ ကုန်းပတ်ဒီဇိုင်း ပါရှိပြီး ရုရှားဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ အရင် လေယာဉ်တင် သင်္ဘောတွေဖြစ်တဲ့ လျောင်နင်း၊ ရှန်ဒေါင်းတို့ထက် အများကြီး ပိုခေတ်မီတယ်လို့ ဆိုပါတယ်။ ဖူကျန်းမှာ အသုံးပြုထားတဲ့ လျှပ်စစ်သံလိုက် လောက်လွှဲစနစ် ဆိုတာဟာ အမေရိကန်ရဲ့ နောက်ဆုံးပေါ် ခေတ်အမီဆုံး Fordအဆင့်အတန်း လေယာဉ်တင် သင်္ဘောတွေမှာ အသုံးပြုထားတဲ့ နည်းပညာနဲ့ တူညီပါတယ်။

အဲဒီ စနစ်က ရေယာဉ်ကိုရော၊ တိုက်လေယာဉ်တွေကိုပါ ဘေးထွက်ထိခိုက်မှု လျော့နည်းစေပြီး မြန်နှုန်းကိုလည်း တိတိကျကျ ပိုထိန်းချုပ်နိုင်ပါတယ်။ ပြီးတော့ ကွဲပြားတဲ့ လေယာဉ် အမျိုးအစားတွေကို လွှတ်တင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့်လည်း ဖူကျန်းဟာ KJ-600 လေကြောင်း အန္တရာယ် ကြိုတင်စောင့်ကြည့် သတိပေးရေး လေယာဉ်လို အမျိုးအစားတွေကိုပါ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။

တရုတ်ရေတပ်ဟာ ဖူကျန်း လေယာဉ်တင် သင်္ဘောပေါ်မှာ J-35 အမျိုးအစား ကိုယ်ပျောက် တိုက်လေယာဉ်တွေနဲ့ J-15T အမျိုးအစား တိုက်လေယာဉ်တွေကို အခြေစိုက်စေမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင် ကင်းထောက် လေယာဉ်တွေကိုပါ အသုံးပြုနိုင်စွမ်း ရှိလာတာကြောင့် အရင် လေယာဉ်တင် သင်္ဘော နှစ်စီးနဲ့ မတူဘဲ စစ်ဆင်ရေး နယ်မြေတွေမှာ ပိုပြီး ထိရောက်တိကျတဲ့ လှုပ်ရှားနိုင်စွမ်းမျိုးကို ရရှိလာမယ်လို့ တရုတ် ရေတပ်က ဆိုပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က မနှစ်က ဒီဇင်ဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း တရုတ် ရေတပ်သာ ဖူကျန်းနဲ့ အလားတူ၊ ဒါမှမဟုတ် အဲဒီထက် ပိုပြီး နည်းပညာမြင့်တဲ့ လေယာဉ်တင် သင်္ဘောတွေကို အရေအတွက် တိုးမြှင့် ပိုင်ဆိုင်လာမယ်ဆိုရင် စစ်ရေးအရ ခြိမ်းခြောက်နိုင်စွမ်းလည်း သိသိသာသာ မြင့်တက်လာမယ်လို့ သုံးသပ်ထားခဲ့ဖူးပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ