Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်နဲ့ သူ့နိုင်ငံခြားရေး ဝန်ကြီးကြား တင်းမာနေတယ် ဆိုတာကို ရုရှားငြင်းဆို

သမ္မတနဲ့ နိုင်ငံခြားရေး ဝန်ကြီးကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေကို ရုရှား အစိုးရက ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

ဓာတ်ပုံ - AP

သမ္မတနဲ့ နိုင်ငံခြားရေး ဝန်ကြီးကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေကို ရုရှား အစိုးရက ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာ နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တင်းမာမှုတွေ ရှိနေတယ်ဆိုတဲ့ ထင်ကြေးတွေ သိသိသာသာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ကတော့ နိုဝင်ဘာ ၇ ရက်နေ့မှာ အဲဒီ သတင်းတွေနဲ့ ပတ်သက်ပြီး အတိအလင်း ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ပူတင်တို့ တွေ့ဆုံကြမယ့်ကိစ္စ စီစဉ်ထားပြီးမှ အမေရိကန်ဖက်က ဆိုင်းငံ့သွားခဲ့တာနဲ့ ပတ်သက်လို့ အသက် ၇၅ နှစ်အရွယ် လက်ဗ်ရော့ဗ်ရဲ့ လုပ်ပုံကိုင်ပုံတွေကို ပူတင်က စိတ်ပျက်နေကြောင်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ လက်ဗ်ရော့ဗ်ဟာ ဆိုဗီယက်ခေတ်လက်ကျန် ဝါရင့် သံတမန် အရာရှိ တစ်ဦးဖြစ်ပြီး ညှိနှိုင်းမှုတွေမှာ တည့်တိုးဆန်ဆန် ချဉ်းကပ်လေ့ ရှိတာတွေကြောင့် လူသိများပါတယ်။

အခု သီတင်းပတ်ထဲမှာတော့ ကရင်မလင် နန်းတော်ထဲမှာ လက်ဗ်ရော့ဗ် သေချာပေါက် တက်ရောက်ရမယ့် အစည်းအဝေး တစ်ခုမှာ ပျက်ကွက်ခဲ့သလို ပြီးခဲ့တဲ့လက တောင်အာဖရိကနိုင်ငံမှာ ကျင်းပတဲ့ G20 ထိပ်သီး အစည်းအဝေး တက်ရောက်ရေး အတွက်လည်း ပူတင်က တခြားတစ်ဦးကို ရွေးချယ်ခဲ့ပါတယ်။ ပုံမှန်ဆိုရင် အဲဒီ အစည်းအဝေးမျိုးမှာ လက်ဗ်ရော့ဗ်ပဲ တာဝန်ယူနေကျ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ လက်ဗ်ရော့ဗ်ရဲ့ ခရီးစဉ်တွေ ဘာကို ဘယ်လိုတွေ စီစဉ်ထားသလဲ၊ ဘယ်အခမ်းအနားတွေကို တက်ရောက်မလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ လုံးဝ မထုတ်ပြန်ဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။

ပူတင်နဲ့ လက်ဗ်ရော့ဗ်တို့ ရန်ဖြစ်ထားကြသလားဆိုတဲ့ ကိစ္စကို သတင်းထောက်တွေက မေးမြန်းတဲ့အခါ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ခပ်တိုတိုပဲ သူပြန်ဖြေမှာဖြစ်ကြောင်း၊ အခုထွက်ပေါ်နေတဲ့ သတင်းတွေထဲမှာ မှန်ကန်တာ တစ်ခုမှ မပါကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

လက်ရော့ဗ်က သူ့ရာထူး တာဝန်မှာ ဆက်ရှိနေသလားလို့ မေးတဲ့အခါ ပက်စ်ကော့ဗ်က သေချာပေါက် ရုရှားရဲ့ နိုင်ငံခြားရေး ဝန်ကြီးဟာ လက်ဗ်ရော့ဗ် ဖြစ်ကြောင်း ပြန်ဖြေခဲ့ပါတယ်။

လက်ဗ်ရော့ဗ်ဟာ အောက်တိုဘာ ၂၀ တုန်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုနဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ပါတယ်။ နောက်တစ်ရက်မှာတော့ ထရမ့်က ပူတင်နဲ့သူ လူချင်းတွေ့ကြမယ့် ကိစ္စကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားမယ်လို့ ကြေညာခဲ့ပါတယ်။ ထရမ့်က အချိန်ဖြုန်းရုံသက်သက် ဆွေးနွေးပွဲမျိုးကိုတော့ သူမတက်ချင်ဘူးလို့ ပြောခဲ့ပါတယ်။

ထရမ့်ဟာ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ရပ်တန့်စေဖို့အတွက် ပူတင်နဲ့ တိုက်ရိုက် ညှိနှိုင်းတဲ့ ဗျူဟာကို အသုံးပြုနေပြီး ဩဂုတ်လတုန်းက အလာစကာမှာ ပထမအကြိမ် လူချင်းတွေ့ဆုံခဲ့ပါတယ်။ နောက်ထပ် ဆွေးနွေးပွဲကို ဟန်ဂေရီနိုင်ငံမှာ ထပ်မံပြုလုပ်ဖို့ စီစဉ်ထားပြီးမှ ထရမ့်ဖက်က ရုတ်တရက် ဆိုင်းငံ့ထားခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။