Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတဟောင်း ဆူဟာတိုကို အမျိုးသား သူရဲကောင်းဆု ချီးမြှင့်မှုကြောင့် အင်ဒိုနီးရှားမှု အငြင်းပွားမှုတွေဖြစ်နေ

အငြင်းပွား ဝေဖန်မှုတွေ ရှိနေတဲ့တိုင် အင်ဒိုနီးရှား အစိုးရဟာ နိုင်ငံခေါင်းဆောင်ဟောင်း ဆူဟာတိုကို အမျိုးသား သူရဲကောင်း တစ်ဦးအဖြစ် စာရင်းသွင်း သတ်မှတ်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အငြင်းပွား ဝေဖန်မှုတွေ ရှိနေတဲ့တိုင် အင်ဒိုနီးရှား အစိုးရဟာ နိုင်ငံခေါင်းဆောင်ဟောင်း ဆူဟာတိုကို အမျိုးသား သူရဲကောင်း တစ်ဦးအဖြစ် စာရင်းသွင်း သတ်မှတ်ခဲ့ပါတယ်။

ဆူဟာတိုဟာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်တဲ့ ဦးဆောင်မှု ပေးခဲ့သလို တစ်ဖက်မှာလည်း နိုင်ငံရေးအရ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ လုပ်ဆောင်ခဲ့ပြီး အာဏာရှင် တစ်ဦးလို့ စွပ်စွဲ ခံခဲ့ရသူပါ။ ၁၉၆၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေကြား ဆူဟာတို ဦးဆောင်တဲ့ အစိုးရဟာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံကို စီးပွားရေးအရ ထူးကဲမြင်သာတဲ့ တက်ရိပ်ပြမှုတွေဆီ ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။

တခြားတစ်ဖက်မှာတော့ ဆူဟာတို ကြီးစိုးတဲ့ ကာလအတွင်း အတိုက်အခံ အင်အားစုတွေ သိန်းနဲ့ချီ ဖမ်းဆီးခံရပြီး အများအပြား အသတ်ခံခဲ့ရတယ်လို့ သမိုင်းသုတေသီတွေက ပြောပါတယ်။

အင်ဒိုနီးရှားမှာတော့ နိုင်ငံအတွက် ကောင်းကျိုးသယ်ပိုးခဲ့တဲ့ နိုင်ငံသားတွေကို ချီးကျူး ဂုဏ်ပြုတဲ့ အနေနဲ့ အမျိုးသား သူရဲကောင်းဆုကို နှစ်စဉ် အပ်နှင်းလေ့ ရှိပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ အဲဒီဆု ချီးမြှင့်သူ ၁၀ ဦးစာရင်းမှာ ကွယ်လွန်သူ ဆူဟာတိုလည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုဟာ ဆူဟာတိုရဲ့ သမက်ဖြစ်ခဲ့သူပါ။ ဂျကာတာမှာ ကျင်းပတဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားမှာတော့ ဆူဟာတိုအစား သားသမီးတွေက ဆုကို လက်ခံယူခဲ့ပါတယ်။

အောက်တိုဘာလတုန်းက ဆုအတွက် ဆန်ခါတင် နာမည် ၅၀ စာရင်းကို အင်ဒိုနီးရှား လူမှုရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနတွေက အစိုးရဆီ တင်သွင်းခဲ့ပါတယ်။ အဲဒီကတည်းက ဆူဟာတိုရဲ့ နာမည် ပါလာတဲ့အပေါ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။

ဆုပေးပွဲအကြောင်း ပြသခဲ့တဲ့ တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့တဲ့ ရုပ်သံရဲ့ နောက်ခံ စကားပြောထဲမှာတော့ ဆူဟာတိုဟာ အင်ဒိုနီးရှားရဲ့ လွတ်လပ်ရေး ကာလမှာ ထင်ရှား တောက်ပလာခဲ့ပြီး ၁၉၄၅ ခုနှစ်တုန်းက ဂျပန်တပ်တွေ လက်နက်ချမှုကို အဓိက ဦးဆောင်ခဲ့တယ်လို့ ထည့်သွင်း ပြောကြားထားပါတယ်။

ဒါပေမဲ့ ဆူဟာတိုကို နိုင်ငံရဲ့ ဂုဏ်ယူစရာ ဆုတစ်ခု ချီးမြှင့်တာဟာ မလျော်ကန်တဲ့ လုပ်ရပ်မျိုးလို့ လူမှု အသင်းအဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဂျကာတာမှာ လူပေါင်း ၁၀၀ လောက် စုဝေးခဲ့ပြီး ဆုအတွက် ဆူဟာတိုကို နာမည်ထည့်သွင်း အဆိုပြုတဲ့အပေါ် ဆန္ဒပြခဲ့ကြပါတယ်။ နောက်ထပ် နိုင်ငံသား ၁၆၀၀၀ လောက်က အဲဒီကိစ္စကို ကန့်ကွက်ကြောင်း အွန်လိုင်း လှုပ်ရှားမှု တစ်ခုမှာ ပါဝင် လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဓာတ်ပုံ – Reuters

ဂျကာတာမှာ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းကျရင် နောက်ထပ် ဆန္ဒပြပွဲတစ်ခု ကျင်းပဖို့ ရည်ရွယ်ထားကြောင်း တက်ကြွ လှုပ်ရှားသူတွေက ပြောကြားခဲ့သလို လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား ရာဂဏန်းလောက်ကိုလည်း အာဏာပိုင်တွေက ဖြန့်ကျက်ထားပါတယ်။

စစ်ခေါင်းဆောင်ဟောင်း တစ်ဦးလည်းဖြစ်တဲ့ ဆူဟာတိုဟာ အင်ဒိုနီးရှား နိုင်ငံရေး သမိုင်းကြောင်းရဲ့ အရှုပ်ထွေးဆုံး ကာလတစ်ခုဖြစ်တဲ့ ၁၉၆၅ ခုနှစ်မှာ စတင် အာဏာရလာပြီး နောက်ထပ် ၂ နှစ်အကြာမှာ သမ္မတ ရာထူးကို ရယူခဲ့ပါတယ်။ အဲဒီနောက် ပြည်လုံးကျွတ် အုံကြွမှုတွေအပြီး ၁၉၉၈ ခုနှစ်မှာတော့ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ သူအာဏာရလာတဲ့ ကာလတွေတုန်းက အင်ဒိုနီးရှားမှာ ကွန်မြူနစ်အဖြစ် စွပ်စွဲခံရသူ သန်းဝက်လောက် သွေးချောင်းစီး သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆူဟာတိုရဲ့ ဆယ်စုနှစ် သုံးခုကြာ အုပ်စိုးမှုအတွင်း ညှင်းပန်းနှိပ်စက်မှုတွေ၊ လက်စဖျောက်မှုတွေ၊ အရပ်သား အခွင့်အရေးကို ချိုးနှိမ်မှုတွေ ဖုံးလွှမ်းနေခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ တုန်းက အရှေ့တီမောကို သူ့အမိန့်နဲ့ အင်ဒိုနီးရှားက ကျူးကျော်ခဲ့တာဟာ စစ်အေးကာလအတွင်း ကမ္ဘာပေါ်မှာ အကြမ်းကြုတ်ဆုံး စစ်ဆင်ရေးတစ်ခု ဖြစ်ခဲ့ပါတယ်။

နောက်ထပ် မျက်နှာစာ တစ်ခုမှာတော့ မျက်မှောက်ခေတ် အင်အားကောင်းလာတဲ့ အင်ဒိုနီးရှား နိုင်ငံကို ထူထောင်ရာမှာ ဆူဟာတိုရဲ့ ရှည်လျားတဲ့ အုပ်စိုးမှုက အဓိက ထောက်တိုင် ဖြစ်ခဲ့တယ်ဆိုတာ မငြင်းနိုင်ကြောင်း သမိုင်းသုတေသီတွေက ဆိုပါတယ်။ ဆူဟာတို လက်ထက်မှာ အင်ဒိုနီးရှားဟာ အဂတိ ကိစ္စတွေ အရမ်းထူပြောခဲ့ပေမယ့် အစိုးရ ယန္တရားကတော့ အထူးအောင်မြင်ခဲ့ပါတယ်။ အင်ဒိုနီးရှားရဲ့ စီးပွားရေး တိုးတက်မှုဟာ သူအုပ်စိုးတဲ့ ကာလအတွင်း နှစ်အလိုက် ပျမ်းမျှ ၇ ရာခိုင်နှုန်း တိုးခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်မှာ နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၆၀၀ ရာခိုင်နှုန်းကျော်ထိ ရှိခဲ့ပေမယ့် ၁၉၉၇ မှာတော့ ၁၀ ရာခိုင်နှုန်းထိ ပြန်ကျဆင်းခဲ့ပါတယ်။ အခုဆိုရင် အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှရဲ့ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

ဆူဟာတို သဘောအကျဆုံး ဂုဏ်ပုဒ်တစ်ခုကတော့ ဖွံ့ဖြိုးရေး ဖခင်ကြီးဆိုတဲ့ ညွှန်းဆိုမှုပါ။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ အာဏာရနေချိန်မှာ ဒေါ်လာ ဘီလီယံနဲ့ချီ များပြားတဲ့ ငွေကြေးတွေကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ ကျယ်ကျယ်လောင်လောင် စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

၁၉၉၈ မှာတော့ ဘဏ္ဍာရေး အကျပ်အတည်းတစ်ခု ကြုံလာပြီး တစ်နိုင်ငံလုံးက အုံကြွဆန့်ကျင်လာတဲ့ အခါမှာတော့ ဆူဟာတိုဟာ သမ္မတအဖြစ်က နုတ်ထွက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြောင်းဖို့ လက်ခံပေးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ ဆူဟာတိုဟာ အသက် ၈၆ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

လေ့လာသူတွေကတော့ လက်ရှိ အင်ဒိုနီးရှား လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း အများစုဟာ ဆူဟာတိုခေတ်မှာ ဆိုးသွမ်းခဲ့တာတွေထက် အပေါင်းလက္ခဏာဆောင်တဲ့ အရွေ့တွေကို ပိုပြီး အမှတ်ရကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူဟာ အင်ဒိုနီးရှားရဲ့ အငြင်းပွားစရာ အကောင်းဆုံး ခေါင်းဆောင် တစ်ဦးဆိုတဲ့ ယူဆချက်ကတော့ အခိုင်အမာ တည်တံ့နေဆဲပါ။ သူ့ရဲ့ သမက်ဖြစ်ခဲ့သူ ပရာဘိုဝိုက ပြီးခဲ့တဲ့နှစ်က အင်ဒိုနီးရှား သမ္မတ ဖြစ်လာတဲ့အခါ ဆူဟာတိုခေတ်က အခြေအနေမျိုးတွေ တကျော့ပြန် ခေါင်းထောင်လာမှာကို စိုးရိမ်တဲ့ ပြည်သူတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စာသင်ကျောင်းတွေမှာ အခမဲ့ကျွေးမွေးတဲ့ အစားအသောက်တွေကနေ အဆိပ်သင့်လို့ အင်ဒိုနီးရှားမှာ ကလေး ၇၀၀ နီးပါးလောက် နာမကျန်း ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ပထမဆုံး အကြိမ်အဖြစ် တရုတ်ဆီကနေ တိုက်လေယာဉ်တွေ ဝယ်ယူမယ်လို့ အင်ဒိုနီးရှားက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ရုပ်အလောင်း ၆၇ ခုထိ ရှာတွေ့ပြီးတဲ့ နောက်မှာတော့ အင်ဒိုနီးရှား နိုင်ငံက စာသင်ကျောင်း ပြိုကျတဲ့ နေရာမှာ ရှာဖွေရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားနိုင်ငံက ပြိုကျသွားတဲ့ ကျောင်းအဆောက်အအုံအောက် ပိတ်မိနေသူ ၆၀ နီးပါးစလုံး သေဆုံးသွားပြီလို့ ယုံကြည်ရကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။