ပါကစ္စတန်နိုင်ငံရဲ့ မြို့တော် အစ္စလာမ်မာဘတ်မှာ အသေခံ ဗုံးခွဲမှုတစ်ခု ဖြစ်ပွားပြီး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့တုန်းက တရားရုံး တစ်ခုရဲ့ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာ ၁၂ ဦးသေပြီး ၂၇ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး မိုဟ်ဆင်း နက်ဗီးက ပြောပါတယ်။
ဗုံးသမားဟာ တရားရုံးထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်တဲ့နောက် အပြင်ဖက်မှာ ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ နက်ဗီးက ဆိုပါတယ်။ လောလောဆယ်မှာတော့ ရဲတွေ ဦးစားပေး လုပ်ဆောင်နေတာက အသေခံ ဗုံးသမား ဘယ်သူလဲဆိုတာ အဖြေရှာဖို့ ဖြစ်တယ်လို့ သူက ပြောကြားထားပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ်ရှရစ်ဖ်ကတော့ ဒီတိုက်ခိုက်မှုဟာ ခါးသီးပြိုင်ဘက် အိန္ဒိယ အစိုးရက တက်တက်ကြွကြွ ထောက်ခံနေတဲ့ အစွန်းရောက် အဖွဲ့အစည်းတွေ ကျူးလွန်တာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ အိန္ဒိယ ကိုယ်တိုင်ကလည်း လတ်တလောမှာ အကြမ်းဖက်မှုလို့ ယူဆရတဲ့ ပေါက်ကွဲမှု တစ်ခုနဲ့ ကြုံတွေ့ထားရပါတယ်။ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းတုန်းက ဒေလီမြို့တော်ရဲ့ ခံတပ်နီ ရှေးဟောင်း အဆောက်အအုံကြီး အနီးမှာ ကားတစ်စီး ပေါက်ကွဲမှုကြောင့် ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်စဉ်ကို အိန္ဒိယ အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ကပါ ပါဝင် စုံစမ်းနေပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို အကြမ်းဖက် တိုက်ခိုက်မှုလို့တော့ အိန္ဒိယက တပ်အပ် မဆုံးဖြတ်သေးပါဘူး။
အစ္စလာမ်မာဘတ်က အသေခံ ဗုံးခွဲမှုဟာ အိန္ဒိယနဲ့ ဆက်နွှယ်မှု ရှိနိုင်တယ်ဆိုတဲ့ ပါကစ္စတန်ဖက်က စွပ်စွဲချက်ကို အိန္ဒိယ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ အတိအလင်း ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။ ဒီစကားတွေဟာ အခြေအမြစ် ကင်းမဲ့ပြီး ယုတ္တိကင်းမဲ့လွန်းတယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ်ရုံးက ရှရစ်ဖ်ရဲ့ ကြေညာချက်ကို ထုတ်ပြန်ရာမှာတော့ အိန္ဒိယရဲ့ လက်ဝေခံ အကြမ်းဖက် အဖွဲ့တွေက လက်နက်မဲ့ ပါကစ္စတန် ပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်ခဲ့တာကို ရှုတ်ချတယ်လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။
ပါကစ္စတန် တာလီဘန် အဖွဲ့ကနေ ခွဲထွက်ခဲ့တဲ့ ဂျူမတ်အူလ် အာဟ်ရား အဖွဲ့ကတော့ အဲဒီ အသေခံ ဗုံးခွဲမှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ ပါကစ္စတန် အာဏာပိုင်တွေကတော့ အဲဒီကိစ္စကို အတည်ပြုမထားပါဘူး။ တစ်ဖက်မှာ ပါကစ္စတန် တာလီဘန်တွေက ဒီတိုက်ခိုက်မှုဟာ သူတို့နဲ့ မပတ်သက်ဘူးလို့ သတင်းဌာန တချို့ဆီ ဆက်သွယ် အသိပေးထားပါတယ်။
အစ္စလာမ်မာဘတ်မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်စဉ်မျိုးကတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေထဲမှာ အတော်ကြီး ရှားပါးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဗုံးသမားဟာ တရားရုံးထဲဝင်ဖို့ အခြေအနေကို ၁၅ မိနစ်လောက် စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးမှာတော့ အပြင်မှာ ရပ်ထားတဲ့ ရဲကားတစ်စီးနား ကပ်သွားပြီး ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။
အခုဖြစ်ရပ် မတိုင်ခင် အစ္စလာမ်မာဘတ်မှာ နောက်ဆုံး အသေခံ ဗုံးခွဲမှုက လွန်ခဲ့တဲ့ ၃ နှစ်မှာ ဖြစ်ပွားခဲ့ပြီး ရဲ ၁ ဦးသေဆုံးခဲ့သလို နောက်ထပ် ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေအတွင်း ပါကစ္စတန်ရဲ့ တခြားမြို့ရွာတွေမှာ အသေခံ ဗုံးခွဲမှုတွေ ရှိနေခဲ့ပေမယ့် အစ္စလာမ်မာဘတ်မှာတော့ အခုမှ ပြန်ပြီး ကြုံလာတာလို့လည်း သိရပါတယ်။
ကိုးကား: BBC
















































