သမိုင်းတလျှောက် အရှည်လျားဆုံး အမေရိကန် အစိုးရ ယန္တရား ရပ်တန့်မှု (shutdown)ကို အဆုံးသတ်စေမယ့် ရေတို ဘတ်ဂျတ် အဆိုပြုချက်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က တရားဝင် လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။
ဒါကြောင့် အောက်တိုဘာ ၁ ရက်နေ့က စတင်ခဲ့ပြီး ၄၃ ရက် ကြာမြင့်ခဲ့တဲ့ shutdownဟာ တရားဝင် ပြီးဆုံးသွားပြီလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ shutdown ကာလအတွင်း ဖက်ဒရယ် အစိုးရ အေဂျင်စီတွေ ပိတ်ထားခဲ့ရတာ၊ ဝန်ထမ်းတွေ လစာမရတာ အပါအဝင် ကြုံတွေ့ခဲ့တဲ့ သက်ရောက်မှုတွေ ပုံမှန်အနေအထား ပြန်ဖြစ်ဖို့ကတော့ ရက်အတော်ကြာ ဖြတ်သန်းရဦးမယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အစိုးရ ဘတ်ဂျတ် အသစ်နဲ့ ပတ်သက်လို့ အာဏာရ ရီပတ်ဘလစ်ကန် ပါတီနဲ့ အတိုက်အခံ ဒီမိုကရက်တစ်တွေကြား မူဝါဒရေးရာ ညှိနှိုင်းမှုတွေ အဆင်မပြေခဲ့တဲ့အတွက် shutdown ဖြစ်ခဲ့တာပါ။
ဒေသစံတော်ချိန် နိုဝင်ဘာ ၁၂ ရက် သန်းခေါင်ယံဝန်းကျင်မှာ ထရမ့် လက်မှတ် ရေးထိုးခဲ့တဲ့ အရေးပေါ် ဘတ်ဂျတ် အစီအမံကတော့ shutdown ပြဿနာကို ရေတိုဖြေရှင်းဖို့ နှစ်ပါတီ လွှတ်တော်အမတ်တွေ ညှိနှိုင်းထားတာ ဖြစ်ပါတယ်။ အထက်နဲ့အောက် လွှတ်တော်နှစ်ရပ်လုံးမှာ အဲဒီ အဆိုကို မဲခွဲအတည်ပြုခဲ့တဲ့နောက် ထရမ့်က သမ္မတ အမိန့်နဲ့ လက်မှတ်ရေးထိုးခဲ့ပြီး shutdown ပြီးဆုံးစေခဲ့ပါတယ်။

Public Service Announcement
လက်မှတ်ထိုးတဲ့ အစီအစဉ်မှာတော့ ထရမ့်က ဒီနေ့မှာ သူတို့ ရီပတ်ဘလစ်ကန်တွေဟာ အတင်းအကျပ် ခြိမ်းခြောက် ခိုင်းစေတာတွေအတွက် ဘယ်တော့မှ အလျှော့မပေးဘူး ဆိုတာကို ရှင်းလင်းတဲ့ သတင်းစကားတစ်ခု ပေးပို့လိုက်နိုင်တယ်လို့ ပြောပါတယ်။ ဒါဟာ ကျန်းမာရေး စောင့်ရှောက်မှု အစီအမံတွေနဲ့ ပတ်သက်ပြီး ဘတ်ဂျတ်အသစ်မှာ ထည့်သွင်းရေးဆွဲပေးဖို့ ဒီမိုကရက်တစ် ပါတီက တောင်းဆိုခဲ့တာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်တွေက ရှိရင်းစွဲ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကို သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့တဲ့နောက် ဘတ်ဂျတ်အသစ် ရေးဆွဲမှုမှာ ဒီမိုကရက်တစ် အမတ်တွေက မပူးပေါင်းတော့တဲ့အတွက် shutdown ဖြစ်သွားခဲ့တာပါ။
ထရမ့်က သိပ်မကြာခင် နောက်ထပ် shutdown ဖြစ်နိုင်ခြေမျိုး ကြုံလာမယ့် နေ့တစ်နေ့ ရှိနေသေးတာကို မမေ့ဖို့ လိုကြောင်းလည်း ဆိုပါတယ်။ အဲဒါကတော့ လက်ရှိ သူလက်မှတ်ရေးထိုးထားတဲ့ ဘတ်ဂျတ် အစီအမံဟာ နှစ်ဖက် အရေးပေါ် ညှိနှိုင်းထားတာဖြစ်လို့ ဇန်နဝါရီ ၃၀ ရက်နေ့ထိပဲ သက်တမ်းကြာမြင့်နိုင်တာကို ဆိုလိုတာပါ။ အဲဒီနေ့ရောက်ရင် အရေးပေါ် ဘတ်ဂျတ်ဟာ ဖက်ဒရယ် အစိုးရ ဌာန အများစုအတွက် လျာထားတဲ့ခွဲတမ်း ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။
ဒီတော့ ဘတ်ဂျတ်အသစ်အတွက် ပါတီနှစ်ခုကြား ဆက်ပြီး ညှိနှိုင်းနေရမှာ ဖြစ်သလို မအောင်မြင်ရင် အဲဒီနေ့မှာ shutdown ထပ်ကြေညာရမယ့် အဓိပ္ပါယ်ပါပဲ။ အဲဒီ ရေတိုကုစားရေး ဘတ်ဂျတ် အစီအစဉ်အတွက် ဒီမိုကရက်တစ် အထက်လွှတ်တော် အမတ် ၈ ဦးဟာ ရီပတ်ဘလစ်ကန်တွေနဲ့ ပူးပေါင်း ထောက်ခံပေးပြီး နိုဝင်ဘာ ၁၀ ရက်နေ့ ညပိုင်းတုန်းက မဲခွဲအောင်မြင်စေခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက်မှာတော့ အောက်လွှတ်တော် မဲခွဲမှုလည်း ထပ်မံ အောင်မြင်ခဲ့ပြီး shutdownကို အဆုံးသတ်ဖို့ လမ်းပွင့်သွားခဲ့တာပါ။
ဒီမိုရက်တစ် ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တချို့ကတော့ ရီပတ်ဘလစ်ကန်တွေနဲ့ ညှိပြီး အစိုးရ shutdown ပြီးဆုံးအောင် မဲပေးခဲ့တဲ့ ပါတီဝင် အထက်လွှတ်တော် အမတ်တွေကို ဝေဖန်ခဲ့ပါတယ်။ ပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှု အစီအမံတွေနဲ့ ပတ်သက်လို့ ပါတီရဲ့ သဘောထား မူဝါဒကိုတော့ ဘတ်ဂျတ်အသစ် ညှိနှိုင်းမှုတွေမှာ လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူးလို့လည်း ဒီမိုကရက်တစ် ခေါင်းဆောင်တွေက သတိပေးထားပါတယ်။
အမေရိကန်မှာ သန်းနဲ့ချီတဲ့ ဝင်ငွေနည်း မိသားစုတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ထောက်ပံ့ပေးတဲ့ စနစ်ကို ဘတ်ဂျတ် အသစ်မှာ သက်တမ်းထပ်တိုးပေးဖို့ ဒီမိုကရက်တစ်တွေက တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ အသုံးစရိတ်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကို ထည့်သွင်းတွက်ချက်တာက မသင့်တော်ဘူးလို့ ရီပတ်ဘလစ်ကန်တွေက အကြောင်းပြပြီး လက်မခံခဲ့ပါဘူး။ အဲဒီ အငြင်းပွားမှုကို ညှိမရခဲ့တာကြောင့်လည်း အစိုးရ shutdownနဲ့ ကြုံသွားခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Politico
















































