အပ်စတိန်း ဖိုင်တွေကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ ဥပဒေ မူကြမ်းကို အမေရိကန် လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အပ်စတိန်း ဖိုင်တွေဆိုတာဟာ ၂၀၁၉ တုန်းက ထောင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တဲ့ သက်ငယ်မုဒိမ်းသမား၊ လူမှောင်ခိုသမား စီးပွားရေး လုပ်ငန်းရှင် ဂျက်ဖရီ အပ်စတိန်းကို စစ်ဆေး မေးမြန်းထားတဲ့ မှတ်တမ်းတွေ ဖြစ်ပါတယ်။ အပ်စတိန်းဟာ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ အနုပညာ ကြယ်ပွင့်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့သလို လက်ရှိ ထုတ်ပြန်ထားတဲ့ မှတ်တမ်းတချို့မှာ ထရမ့်အကြောင်းတွေ ပါနေခဲ့တာကြောင့်လည်း အဲဒီဖိုင်တွေအပေါ် လူထု စိတ်ဝင်စားမှု မြင့်တက်လာပါတယ်။
ထွက်ပေါ်ခဲ့ပြီးသမျှ အပ်စတိန်းဖိုင် အပိုင်းအစတွေမှာ ထရမ့်ရဲ့ နာမည်ကို ရည်ညွှန်းတာတွေ ရှိပေမယ့် အပ်စတိန်း ကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေမှာ ထရမ့်က ထဲထဲဝင်ဝင် ပတ်သက်ခဲ့တယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရပါဘူး။ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက အပ်စတိန်းဖိုင်တွေကို အလုံးစုံ ထုတ်ပြန်နိုင်ရေး ကြိုးစားနေပေမယ့် အစောပိုင်းမှာ အဲဒီ အားထုတ်မှုတွေကို အိမ်ဖြူတော်က ပိတ်ပင်နေခဲ့တာကြောင့် ထရမ့်နဲ့ အပ်စတိန်းကြား ဆက်ဆံရေးအပေါ် မေးခွန်းထုတ်မှုတွေလည်း ပိုကျယ်ပြန့်လာပါတယ်။
ဒါပေမဲ့ မကြာခင်ကတော့ အမေရိကန် အစိုးရက သဘောထား ပြောင်းသွားဟန်ရှိပြီး အပ်စတိန်းဖိုင်တွေ ထုတ်ပြန်ရေး အက်ဥပဒေ မူကြမ်းကို အောက်လွှတ်တော်မှာ အဆိုပြု မဲခွဲရင် အာဏာရ ရီပတ်ဘလစ်ကန် ပါတီ အမတ်တွေလည်း ထောက်ခံမဲ ပေးကြပါလို့ ထရမ့်ကိုယ်တိုင်က တိုက်တွန်းခဲ့ပါတယ်။ သူက အပ်စတိန်းဖိုင်တွေနဲ့ ပတ်သက်လို့ အစိုးရက ဖုံးကွယ်ထားစရာ ဘာအကြောင်းမှ မရှိဘူးလို့ ပြောပါတယ်။

Public Service Announcement
နိုဝင်ဘာ ၁၈ ရက်နေ့မှာတော့ အမေရိကန် အောက်လွှတ်တော်ဟာ အပ်စတိန်းဖိုင်တွေ ထုတ်ပြန်ပေးဖို့ တောင်းဆိုတဲ့ အပ်စတိန်းဖိုင်များ ပွင့်လင်းမြင်သာရေး ဥပဒေ မူကြမ်းကို ထောက်ခံမဲ ၄၂၁ မဲ၊ ကန့်ကွက်မဲ ၁ မဲနဲ့ အပြတ်အသတ် အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီအကြောင်းအရာကို အထက်လွှတ်တော်မှာ ထပ်ဆင့် ဆွေးနွေးတဲ့အခါ တရားဝင် မဲကောက်ယူနေစရာ မလိုဘဲ လွှတ်တော်တွင်း ခြွင်းချက်မရှိ ထောက်ခံမှုနဲ့ အတည်ပြုခဲ့ကြပါတယ်။
ဒီတော့ အဲဒီအဆိုဟာ ဥပဒေ တစ်ရပ်အဖြစ် အသက်ဝင်လာဖို့ဆိုရင် သမ္မတ ထရမ့်ကိုယ်တိုင် လက်မှတ်ရေးထိုး အတည်ပြုပေးရမယ့် နောက်ဆုံးအဆင့်ပဲ ကျန်တော့တဲ့ သဘောပါ။ ထရမ့်ကလည်း လက်မှတ်ထိုးပေးလိုက်ပြီ ဆိုရင်တော့ ရက်ပေါင်း ၃၀ အတွင်း တရားရေး ဝန်ကြီးဌာနက အပ်စတိန်းဖိုင်တွေအကြောင်း စုံစုံလင်လင် ထုတ်ပြန်ပေးရမှာ ဖြစ်ပါတယ်။
ရီပတ်ဘလစ်ကန်တွေက အငြင်းပွားစရာ ဖြစ်နေတဲ့ အပ်စတိန်းဖိုင်တွေ ကိစ္စမှာ အလုံးစုံ ထုတ်ပြန်ပေးဖို့ ပါဝင် မဲပေးခဲ့တဲ့တိုင် ဖိုင်တွေ ထွက်ပေါ်လာတဲ့အခါ မဆီမဆိုင် ထိခိုက်နစ်နာသူတွေ ရှိလာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်တဲ့ မိုက်ခ်ဂျွန်ဆန်က အပ်စတိန်းဖိုင်တွေနဲ့ ထရမ့်ကို အတင်း ဆက်စပ်ပုံဖော်နေတာတွေဟာ ဒီမိုကရက်တစ်တွေ ဖန်တီးတဲ့ လုပ်ကြံဇာတ်လမ်းတွေလို့ အကြိမ်ကြိမ် ဝေဖန်ခဲ့ဖူးပါတယ်။
အထက်လွှတ်တော်မှာတော့ ဒီမိုကရက်တစ် အစုအဖွဲ့ခေါင်းဆောင် ချက်ခ်ရှူးမားက အဲဒီ မူကြမ်းကို တင်ပြခဲ့ပြီး ကန့်ကွက်သူ တစ်ဦးမှ မရှိတာကြောင့် သီးခြား မဲခွဲမနေတော့ဘဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဥပဒေ မူကြမ်းဟာ သမ္မတရဲ့ အလုပ်စားပွဲပေါ် ရောက်ပြီး ထရမ့်က လက်မှတ်ရေးထိုးပြီးတဲ့အခါ ဥပဒေအဖြစ် အသက်ဝင်လာမှာ ဖြစ်ပါတယ်။
ထရမ့်က သူနဲ့ အပ်စတိန်းတို့ဟာ အရင်က ရင်းနှီးကျွမ်းဝင်ဖူးတာ မှန်ပေမယ့် အပ်စတိန်းရဲ့ လုပ်ရပ်တွေအတွက် ပြစ်မှုထင်ရှားကြောင်း ပထမအကြိမ် စီရင်ဆုံးဖြတ်တဲ့ ၂၀၀၈ ခုနှစ် မတိုင်ခင် ကတည်းက သူတို့နှစ်ဦး အဆက်ပြတ်နေခဲ့ပြီး ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ ပြီးတော့ သူက အပ်စတိန်း ကျူးလွန်နေခဲ့တဲ့ ရာဇဝတ် ကိစ္စတွေအကြောင်းလည်း လုံးဝမသိဘူးလို့ ငြင်းဆိုထားပါတယ်။
ကိုးကား: BBC














































