Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်ဝန်ကြီးချုပ်ဟာ စစ်ဦးဘီလူး ဝါဒကို ပြန်အသက်သွင်းချင်နေတယ်လို့ တရုတ် အစိုးရ သတင်းဌာန စွပ်စွဲ

ဝန်ကြီးချုပ်ရဲ့ မှတ်ချက်စကားကို ကြည့်ရုံနဲ့ စစ်ဦးဘီလူး နေ့ရက်တွေဆီ ပြန်လည် ဦးတည်ဖို့ ဂျပန်က တာဆူနေမှန်း မြင်သာစေတယ်လို့ တရုတ် အစိုးရ သတင်းစာက ဝေဖန် ထိုးနှက်လိုက်ပါတယ်။

ဓာတ်ပုံ - AP

ဝန်ကြီးချုပ်ရဲ့ မှတ်ချက်စကားကို ကြည့်ရုံနဲ့ စစ်ဦးဘီလူး နေ့ရက်တွေဆီ ပြန်လည် ဦးတည်ဖို့ ဂျပန်က တာဆူနေမှန်း မြင်သာစေတယ်လို့ တရုတ် အစိုးရ သတင်းစာက ဝေဖန် ထိုးနှက်လိုက်ပါတယ်။

ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိရဲ့ လဆန်းပိုင်းတုန်းက မှတ်ချက် စကားတစ်ခွန်းကို အကြောင်းပြုပြီး တရုတ်နဲ့ဂျပန် ဆက်ဆံရေး တင်းမာနေချိန်မှာ ရှင်ဟွာ သတင်းဌာနရဲ့ ဆောင်းပါးက စစ်ဦးဘီလူးဆိုတဲ့ အသုံးအနှုန်းကို ပြန်လည် တူးဆွခဲ့တာပါ။ စစ်ဦးဘီလူး ဆိုတာဟာ ဒုတိယ ကမ္ဘာစစ်တုန်းက အရမ်း ရက်စက် ကြမ်းကြုတ်ခဲ့တဲ့ ဖက်ဆစ် ဂျပန် စစ်တပ်ကို ရည်ညွှန်းလေ့ရှိတဲ့ စကားစု ဖြစ်ပါတယ်။

တကအိချိက တကယ်လို့ ထိုင်ဝမ်ကျွန်းကို တရုတ်ကသာ စစ်ရေးအရ ကျူးကျော် တိုက်ခိုက်ခဲ့မယ်ဆိုရင် ဂျပန်အနေနဲ့လည်း မဟာမိတ် ထိုင်ဝမ်ကို ကူညီဖို့ ပြည်စောင့်တပ်ကို စေလွှတ်ရမယ် ဆိုတာမျိုး မှတ်ချက်ပေးခဲ့တဲ့အပေါ် တရုတ်က ယမ်းပုံမီးကျ ပေါက်ကွဲနေတာ ဖြစ်ပါတယ်။ အဲဒီ စကားကို အကြောင်းပြုပြီး တရုတ်-ဂျပန် ဆက်ဆံရေးဟာ လက်ရှိ နှစ်ပိုင်းတွေအတွင်း အနိမ့်ဆုံး အဆင့်ကို ထိုးကျနေပါတယ်။

ထိုင်ဝမ်အရေးမှာ စစ်ရေးအရ စွက်ဖက်ပါဝင်မယ် ဆိုတာမျိုး ဂျပန် ဝန်ကြီးချုပ်ရဲ့ ပြောင်ပြောင်တင်းတင်း ရန်စတဲ့ စကားဟာ စစ်ဦးဘီလူး ဝါဒစွဲတွေ ပြန်လည်နိုးထလာနိုင်ကြောင်း ထင်ရှားမြင်သာတဲ့ အချက်ပေးမှု ဖြစ်လာတယ်လို့ ရှင်ဟွာက ရေးသားထားပါတယ်။ ဝန်ကြီးချုပ် တကအိချိရဲ့ စကားဟာ ဂျပန်ကို အန္တရာယ်ကြီးတဲ့ လမ်းကြောင်းဆီ ပြန်လည် ဆွဲခေါ်ချင်တဲ့ နိုင်ငံရေး အခင်းအကျင်း တစ်ခုရဲ့ အရိပ်အယောင်ကို ပေါ်လွင်စေတယ်လို့လည်း ရှင်ဟွာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ဂျပန် အစိုးရအနေနဲ့ စစ်ဝါဒနဲ့ ပတ်သက်တဲ့ စိတ်ကူးယဉ်မှုတွေ မလုပ်သင့်ကြောင်း၊ အဲဒီ ရွေးချယ်မှုဟာ ဂျပန်ကိုပဲ ထိခိုက်နစ်နာစေမှာဖြစ်ကြောင်း ရှင်ဟွာက သတိပေးထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တကအိချိရဲ့ အငြင်းပွားစရာ မှတ်ချက် စကားတစ်ခွန်းအပေါ် တရုတ် မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေမှာ စွပ်စွဲမှုမျိုးစုံနဲ့ ထိုးနှက်နေပြီး နိုဝင်ဘာ ၁၈ ရက်နေ့မှာတော့ ရှင်ဟွာက အခုလို ဆောင်းပါးမျိုး ဖော်ပြခဲ့တာပါ။

တရုတ် အစိုးရဟာ ဂျပန်က နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်နိုင်ရေး ကြိုးစားနေတဲ့ ကာကွယ်ရေး အစီအမံလိုမျိုးတွေကိုပါ တကအိချိရဲ့ စစ်လိုလားမှုနဲ့ ဆက်စပ်တဲ့ အကြံအစည်တွေလို့ ချိတ်ဆက် စွပ်စွဲနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်းက လတ်တလော ဂျပန်ရဲ့ စစ်ရေးနဲ့ လုံခြုံရေး အရွေ့တွေအပေါ် တရုတ်က အထူးတလည် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂျပန်ရဲ့ မူဝါဒဟာ အနုတ်လက္ခဏာဆန်တဲ့ ဦးတည်မှု တစ်ခုဆီ သိသိသာသာ ကူးပြောင်းနေပြီး ဒါဟာ နိုင်ငံတကာ အသိုက်အဝန်းအတွက် အန္တရာယ် ကြီးလွန်းတဲ့ သင်္ကေတ တစ်ရပ်လို့ သူက ဝေဖန်ခဲ့ပါတယ်။

တကအိချိကတော့ သူ့ရဲ့ မှတ်ချက်ဟာ တရုတ်ကို ရည်ရွယ်ချက်ရှိရှိ ရန်စခဲ့တယ် ဆိုတာကို ငြင်းပယ်ပြီး မဟာမိတ်တွေ ထိပါးခံရရင် ဂျပန်ကလည်း စစ်ရေးအရ အကူအညီ ပေးရမယ်ဆိုတဲ့ လက်ရှိ သတ်မှတ်ပြီးသား မူဝါဒနဲ့အညီပဲ ပြောဆိုခဲ့တာ ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။

ကိုးကား: Bloomberg, Xinhua

ဆက်စပ်သတင်းများ