လူသိထင်ရှား သတင်းထောက် တစ်ဦး လုပ်ကြံခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆော်ဒီအာရေးဘီးယား အိမ်ရှေ့မင်းသားဖက်ကနေ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကာကွယ်ပြောဆိုခဲ့ပါတယ်။
ဆော်ဒီ အစိုးရနဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်ကို ဝေဖန်လေ့ရှိတဲ့ ဆော်ဒီ သတင်းထောက် ဂျမဲလ် ခါရှော့ဂီဟာ ၂၀၁၈ တုန်းက တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီ ကောင်စစ်ဝန်ရုံးမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဆော်ဒီ အစိုးရက အဲဒီလူသတ်မှုကို ဝန်ခံခဲ့ရပြီး သံရုံးရဲ့ လုံခြုံရေး ဝန်ထမ်းတွေတချို့ကို အပြစ်ဖို့ခဲ့ပါတယ်။ ဆော်ဒီ အစိုးရကို လက်တွေ့ ဦးဆောင်နေတဲ့ အိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်က ခါရှော့ဂီကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့ကြောင်း စွပ်စွဲမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပေမယ့် ဆော်ဒီ အာဏာပိုင်တွေက ငြင်းဆိုထားပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့မှာတော့ ဘင်ဆယ်လ်မန်ဟာ အိမ်ဖြူတော်ကို အလည်အပတ် ခရီးစဉ် ရောက်ရှိလာပြီး ထရမ့်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ခါရှော့ဂီ ကိစ္စနဲ့ ပတ်သက်ပြီး ဘာအမှားမှ ကျူးလွန်မထားကြောင်း အကြိမ်ကြိမ် ငြင်းချက်ထုတ်ထားတဲ့ အိမ်ရှေ့မင်းသားက အိမ်ဖြူတော်မှာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ သူက ခါရှော့ဂီ လုပ်ကြံခံရမှုမှာ ဆော်ဒီ အစိုးရဟာ မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးခဲ့ကြောင်းနဲ့ ခါရှော့ဂီရဲ့ သေဆုံးမှုက နာကျင်ဝမ်းနည်းစရာ ဖြစ်ခဲ့ကြောင်း ပြောပါတယ်။
ခါရှော့ဂီ လုပ်ကြံမှုနောက်ပိုင်း ဒါဟာ ဘင်ဆယ်လ်မန်ရဲ့ ပထမဆုံး အမေရိကန် ခရီးစဉ်လည်း ဖြစ်ပါတယ်။ အမေရိကန် အခြေစိုက် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ခါရှော့ဂီ သေဆုံးမှုကို အကြောင်းပြုပြီး အမေရိကန်-ဆော်ဒီ ဆက်ဆံရေးမှာလည်း ကြီးမားတဲ့ ဂယက်ထမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။

Public Service Announcement
အိမ်ဖြူတော်မှာ သတင်းထောက် တစ်ယောက်က ခါရှော့ဂီအကြောင်း ဘင်ဆယ်လ်မန်ကို လှမ်းအော်ပြီး မေးတဲ့အခါ ထရမ့်က သတင်းထောက် ရည်ညွှန်းတဲ့ ပုဂ္ဂိုလ်ဟာ အငြင်းပွားစရာတွေ အများကြီး ပြည့်နှက်နေသူဖြစ်ပြီး သူ့ကို မကြိုက်တဲ့ သူတွေလည်း တော်တော်များကြောင်း ခါရှော့ဂီကို အပြစ်တင်သလို ပုံစံမျိုးနဲ့ ကြားဝင် မှတ်ချက်ပေးခဲ့ပါတယ်။ ခါရှော့ဂီကို လူတွေက ကြိုက်တာပဲဖြစ်ဖြစ်၊ မကြိုက်တာပဲဖြစ်ဖြစ် ဒီလို အခြေအနေတွေကတော့ ကြုံနိုင်တယ်လို့လည်း ထရမ့်က ဆက်ပြောပါတယ်။
ဒါ့အပြင် အိမ်ရှေ့မင်းသားဟာ အဲဒီလုပ်ကြံမှုအကြောင်း ဘာမှ ကြိုသိမထားခဲ့ကြောင်း ထရမ့်က ကာကွယ်ပြောဆိုခဲ့ပြီး သတင်းထောက် အနေနဲ့ ဧည့်သည်တော်တွေကို အရှက်မခွဲသင့်ဘူးလို့လည်း တုံ့ပြန်ခဲ့ပါတယ်။ အဲဒီနောက် ဘင်ဆယ်လ်မန်က ဆော်ဒီ အစိုးရဟာ လူသတ်မှု နောက်ဆက်တွဲမှာ စုံစမ်းမှုတွေကို အဆင့်အားလုံး မှန်မှန်ကန်ကန် လုပ်ဆောင်ခဲ့ကြောင်း၊ ဖြစ်ပျက်ခဲ့တာတွေက နာကျင်စရာ အမှားကြီးတစ်ခုဖြစ်ကြောင်း ဖြည့်စွက် မှတ်ချက်ပေးသွားပါတယ်။
အမေရိကန်မှာ သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်၊ ၂၀၂၁ ခုနှစ်တုန်းက ထွက်ပေါ်လာတဲ့ ထောက်လှမ်းရေး အစီရင်ခံစာမှာတော့ ခါရှော့ဂီကို အရှင်ဖမ်းဖို့၊ ဒါမှမဟုတ် အပြတ်ရှင်းဖို့ ဘင်ဆယ်လ်မန်က ခွင့်ပြု အမိန့်ပေးခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။ အဲဒီ ထောက်လှမ်းရေး အစီရင်ခံစာကို ထရမ့်ရဲ့ ပထမအကြိမ် အမေရိကန် သမ္မတသက်တမ်း ကာလတုန်းက မထုတ်ပြန်ခဲ့ပါဘူး။
ခါရှော့ဂီရဲ့ ကျန်ရစ်သူ ဇနီးသည် ဟာနန်ကတော့ အိမ်ရှေ့မင်းသားဖက်က ကာကွယ်ခဲ့တဲ့ ထရမ့်ကို ဝေဖန်ခဲ့သလို ဘင်ဆယ်လ်မန်ရဲ့ စကားတွေကလည်း ရှေ့နောက်မညီဘူးလို့ စွပ်စွဲခဲ့ပါတယ်။ ၂၀၁၉ တုန်းက အင်တာဗျူး တစ်ခုထဲမှာ ဘင်ဆယ်လ်မန်က အဲဒီ ဆိုးရွားတဲ့ ရာဇဝတ်မှုမှာ သူတာဝန်ရှိပါတယ်လို့ ကိုယ်တိုင် ဝန်ခံခဲ့ဖူးကြောင်း ဟာနန်က ဆိုပါတယ်။
လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားတဲ့ ပို့စ်တစ်ခုမှာတော့ ဟာနန်က ဆော်ဒီ အိမ်ရှေ့မင်းသားနဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားပြီး ခင်ပွန်းသည် အသတ်ခံရမှုအတွက် တရားဝင် တောင်းပန်မှု၊ နစ်နာကြေးတွေ ရရှိလိုတယ်လို့လည်း ဖော်ပြထားပါတယ်။ သူဟာ နိုင်ငံရေး ခိုလှုံခွင့် ရခဲ့ပြီး အိမ်ဖြူတော်ရှိရာ ဝါရှင်တန်ဒီစီ မြို့တော်မှာ နေထိုင်နေပါတယ်။
ထရမ့်နဲ့ ဘင်ဆယ်လ်မန်တို့ဟာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေအပြင် အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်တွေဖြစ်တဲ့ F-35တွေ ဆော်ဒီဆီ လက်လွှဲရောင်းချရေး အလားအလာတွေကိုပါ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
ကိုးကား: BBC
















































