လက်တွေ့ စမ်းသပ်မှု ရလဒ်တွေအပေါ် အထူးကျေနပ် အားရတဲ့အတွက် ဗြိတိန်ရေတပ်ဟာ လေဆာရောင်ခြည် ကာကွယ်ရေး လက်နက် စနစ်တစ်ခုမှာ ပထမဆုံးအကြိမ် ရင်းနှီး မြှုပ်နှံခဲ့ပါတယ်။
MBDA UK ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဒေါ်လာ ၄၁၅ သန်းလောက် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု စာချုပ်အသစ် တစ်ခုအတွက် ဗြိတိန် တော်ဝင်ရေတပ်နဲ့ လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ MBDA UKရဲ့ Dragonfire လေဆာရောင်ခြည် လက်နက်စနစ်ကို ဗြိတိန် နောက်ဆုံးအကြိမ် လက်တွေ့ စမ်းသပ်ခဲ့ချိန်မှာ ရေတပ် တာဝန်ရှိသူတွေက အထင်တကြီး ရှိခဲ့ပြီး အခုလို ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဗြိတိန် ရေတပ်ဟာ အဲဒီ လေဆာရောင်ခြည်သုံး ကာကွယ်ရေး စနစ်တွေကို Type 45 အမျိုးအစား ဖျက်သင်္ဘောတွေမှာ လာမယ့် ၂ နှစ်အတွင်း တပ်ဆင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ အဲဒီ လေဆာရောင်ခြည် စနစ်ဟာ ချဉ်းကပ် ပျံသန်းလာတဲ့ အသေးစား ခြိမ်းခြောက်မှုတွေကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်တယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာတော့ ဗြိတိန် ရေတပ်ဟာ အဲဒီလို ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ Sea Viper ဒုံးကျည်တွေ၊ အမြောက်တွေ၊ လက်နက်ငယ်တွေကို အဓိက အသုံးပြုပါတယ်။ ဒါပေမဲ့ ဒုံးကျည် တစ်စင်းစီရဲ့ တန်ဖိုးက များပြားတာကြောင့် ပစ်ခတ်မှု စရိတ်တွေက ကြီးမားပါတယ်။

Public Service Announcement
DragonFireကို စမ်းသပ်ခဲ့ရာမှာ တစ်နာရီ ကီလိုမီတာ ၆၅၀ လောက် မြန်နှုန်းနဲ့ ချဉ်းကပ်လာတဲ့ ဒရုန်းတွေကို ထောက်လှမ်းပြီး ပစ်ချနိုင်တယ်လို့ သိရပါတယ်။ ပစ်မှတ် လွဲချော်နိုင်ခြေကလည်း တစ်ကီလိုမီတာ ကွာဝေးသွားတိုင်း ဒင်္ဂါးတစ်စေ့စာလောက်ပဲ တိုးသွားတယ်လို့ ဆိုပါတယ်။ MBDA UKဟာ အဲဒီအပိုင်းကိုလည်း ပိုတိုးတက်လာအောင် ပြင်ဆင် မွမ်းမံပေးရမှာ ဖြစ်ပါတယ်။
ရေတပ်ကို အဓိက ဆွဲဆောင်နိုင်ခဲ့တဲ့ အချက်ကတော့ အသုံးပြုတဲ့စရိတ် သက်သာခြင်းပါပဲ။ DragonFire လေဆာ တစ်ချက်ပစ်ခတ်မှုဟာ ၁၃ ဒေါ်လာပဲ ကျသင့်ပါတယ်။ Sea Viper ဒုံးကျည်တစ်စင်းရဲ့ တန်ဖိုးက ဒေါ်လာ ၁.၃ သန်းကျော်ပါတယ်။ လေဆာရောင်ခြည် လက်နက်ဟာ အပို ခဲယမ်းမီးကျောက်တွေလည်း တင်ဆောင်စရာ မလိုပါဘူး။
MBDA UKဟာ သိပ္ပံ သုတေသန လုပ်ငန်းတွေဖြစ်တဲ့ QinetiQ၊ Leonardoတို့နဲ့ ပူးပေါင်းပြီး လက်နက်စနစ်ရဲ့ စွမ်းဆောင်ရည်နဲ့ ဒီဇိုင်းပိုင်းကို ပိုမို မြှင့်တင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ တကယ်လို့ မျှော်လင့်ထားတဲ့အတိုင်း အဲဒီ လက်နက်တွေကို ရေတပ်မှာ တပ်ဆင်နိုင်မယ် ဆိုရင်တော့ ဥရောပ တစ်တိုက်လုံးမှာ ပထမဆုံး လက်တွေ့ အသုံးချတဲ့ လေဆာ လက်နက်စနစ်အဖြစ် မှတ်တမ်းဝင်လာမယ်လို့ သိရပါတယ်။
ကိုးကား: Maritime Executive
















































