ကွယ်လွန်သွားပြီဆိုပြီး မီးသင်္ဂြိုဟ်ဖို့ စီစဉ်နေတဲ့ အချိန်မှာ ထိုင်းအဖွားအိုတစ်ဦး အသက်ရှင်နေတာကို တွေ့ရှိခဲ့ပါတယ်။
ဘန်ကောက်မြို့တော် ဆင်ခြေဖုံးက ဘုရားကျောင်း တစ်ခုမှာ ကြုံခဲ့တဲ့ ထိတ်လန့်စရာ ဖြစ်ရပ်ဟာ လူမှုကွန်ရက်တွေပေါ်မှာလည်း ပျံ့နှံ့သွားခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ ပိန်ချုံးနေတဲ့ အဖွားအိုဟာ ပစ်ကပ်ကား တစ်စီးရဲ့ နောက်ဖက် အဖြူရောင် အခေါင်းထဲမှာ လှဲလျောင်းလျက်သား ရှိနေတာကို တွေ့ခဲ့ရပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့တုန်းက နွန်သာဘူရီမှာရှိတဲ့ ဝတ်ရတ်ဖရာခွန်သမ် ဗုဒ္ဓဘာသာ ဘုရားကျောင်းမှာ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ဖို့အတွက် ကွယ်လွန်သူရဲ့ မောင်က ကားမောင်းပြီး သယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခေါင်းထဲက ခပ်တိုးတိုး အသံတစ်ခု ကြားခဲ့တဲ့နောက် ဖွင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တဲ့နောက် အားလုံး ကြက်သေ သေကုန်တယ်လို့ ဆိုပါတယ်။
အခေါင်းထဲမှာတော့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးဟာ မျက်လုံးကို ခပ်မှေးမှေး ဖွင့်ထားပြီး အခေါင်းနံရံကို လက်နဲ့ ခေါက်နေခဲ့တာကို တွေ့ခဲ့ရပါတယ်။ သူဟာ လမ်းမှာကတည်းက အခေါင်းကို ခေါက်နေခဲ့ဟန် ရှိတယ်လို့ မောင်ဖြစ်သူက ဆိုပါတယ်။

Public Service Announcement
ကားမောင်းလာတဲ့ မောင်ဖြစ်သူက သူ့အစ်မဟာ အိပ်ရာထဲ လဲနေတာ ၂ နှစ်လောက် ရှိခဲ့ပြီးဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတော့ အခြေအနေ ပိုဆိုးလာရာက စကားမေး မရတော့သလို အသက်လည်း မရှူတော့ကြောင်း၊ ဒါကြောင့် သူ့အစ်မကို သေပြီထင်ပြီး အခေါင်းထဲထည့်ခဲ့ကြောင်း ပြောပြခဲ့တယ်လို့ ဘုရားကျောင်းရဲ့ ဘဏ္ဍာရေးနဲ့ အုပ်ချုပ်ရေး မန်နေဂျာ ပိုင်ရပ်ဆူဒ်သွပ်က ဆိုပါတယ်။
မောင်ဖြစ်သူဟာ အစ်မဖြစ်သူ ကြိုတင် မှာကြားထားတဲ့ နောက်ဆုံးဆန္ဒအတိုင်း သူ့ရဲ့ ကိုယ်တွင်းအင်္ဂါကို လှူဒါန်းပေးဖို့ဆိုပြီး နေရပ်ဖြစ်တဲ့ ဖစ်ဆန်နူလော့ခ်ကနေ ကီလိုမီတာ ၅၀၀ လောက် ကွာဝေးတဲ့ ဘန်ကောက်က ဆေးရုံတစ်ခုဆီ အလောင်းကို သယ်ဆောင်သွားခဲ့ပါတယ်။ ဒါပေမဲ့ တရားဝင် သေစာရင်း မသွင်းရသေးတာကြောင့် ဆေးရုံက အလောင်းကို လက်မခံခဲ့ပါဘူး။
ဒါကြောင့် မောင်ဖြစ်သူလည်း စိတ်လျှော့ပြီး ရုပ်အလောင်းတွေကို အခမဲ့ မီးသင်္ဂြိုဟ်ပေးတယ်လို့ သတင်းကြားထားတဲ့ ဘုရားကျောင်းဆီ ကားမောင်းလာရာက အခုလို တုန်လှုပ်စရာ ကိစ္စကို ကြုံခဲ့ရတာပါ။ မောင်ဖြစ်သူက ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ရာမှာ သေစာရင်း သွင်းထားပြီးသား ဖြစ်ဖို့လိုတယ် ဆိုတာကိုတောင် နားမလည်ကြောင်း၊ သူ့ကို အဲဒီအကြောင်း သေချာ ရှင်းပြနေတုန်းမှာ အခေါင်းထဲက အသံကြားခဲ့တာဖြစ်ကြောင်း ပိုင်ရပ်က ပြောပါတယ်။
အဖွားအိုက အသက်ရှင်နေသေးတာ တွေ့ရှိတဲ့နောက် သူတို့တွေလည်း နီးစပ်ရာ ဆေးရုံတစ်ခုကို ကမန်းကတမ်း တင်ပို့ပေးခဲ့ကြပါတယ်။ အဲဒီသတင်းကို ကြားခဲ့တဲ့နောက် ဘုရားကျောင်းရဲ့ ကျောင်းထိုင် ဆရာတော်က ဆေးကုစရိတ်တွေကို စိုက်ထုတ် ကျခံပေးမယ်လို့ မိန့်ကြားခဲ့တယ်လို့လည်း သိရပါတယ်။
ကိုးကား: AP
















































