Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သူ့အစိုးရကို တရားစွဲထားတဲ့ အဖွဲ့အစည်း နာမည်မှာ သူ့နာမည်ကို ထရမ့်က ပေါင်းထည့်

အမေရိကန် ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (USIP)ကို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက သူ့နာမည်နဲ့ အဖွဲ့အစည်းအဖြစ် စတင် ပြောင်းလဲနေပါတယ်။

ဓာတ်ပုံ - UPI

အမေရိကန် ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (USIP)ကို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက သူ့နာမည်နဲ့ အဖွဲ့အစည်းအဖြစ် စတင် ပြောင်းလဲနေပါတယ်။

USIPကို ဒေါ်နယ်လ် ဂျေ ထရမ့် အမေရိကန် ငြိမ်းချမ်းရေး သုတေသန အင်စတီကျုဆိုတဲ့ နာမည်အသစ် ပြောင်းလဲမယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ နောက်နေ့ကစလို့ ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ အဖွဲ့အစည်း ဌာနချုပ် နဖူးစည်း စာတန်းမှာ ထရမ့်ရဲ့ နာမည်ကိုပါ ထည့်သွင်းရေးထိုးထားတာ တွေ့ခဲ့ရပါတယ်။

USIPဟာ အမေရိကန် လွှတ်တော်ရဲ့ ရန်ပုံငွေ ထောက်ပံ့မှုနဲ့ လည်ပတ်နေပေမယ့် ထရမ့် သမ္မတ ဖြစ်လာချိန်မှာတော့ အဲဒီအဖွဲ့အစည်းကို လွန်လွန်ကျွံကျွံ ထိန်းချုပ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြီးတော့ USIPရဲ့ ဝန်ထမ်းအင်အားနဲ့ ဘတ်ဂျတ်တွေကို အများအပြား လျှော့ချပစ်ခဲ့တာကြောင့် အဖွဲ့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေ ချိနဲ့ကုန်ပါတယ်။ အစိုးရရဲ့ စွက်ဖက်မှုကို မကျေနပ်လို့ USIPရဲ့ အဲဒီတုန်းက ခေါင်းဆောင်တွေက မတ်လထဲမှာ တရားစွဲဆိုခဲ့ပြီး နှစ်ဖက်ကြား ဥပဒေရေးရာ အားပြိုင်မှုတွေပါ ဖြစ်ပေါ်လာပါတယ်။

အဲဒီလိုမျိုး ကိုယ်တိုင်က ဒုက္ခပေးထားတဲ့ အဖွဲ့အစည်းမှာ ထရမ့်က သူ့နာမည်ကို ထည့်ပေါင်းစေခဲ့တာလည်း ဖြစ်ပါတယ်။ ထရမ့်ဟာ သူ့ကိုယ်သူ ငြိမ်းချမ်းရေး ဗိသုကာကြီး တစ်ဦးအဖြစ် အားတက်သရော ပုံဖော်နေသလို ကမ္ဘာအနှံ့က စစ်ရေး ပဋိပက္ခ အတော်များများဟာ သူကြားဝင် ညှိနှိုင်းပေးလို့ ရပ်တန့်သွားတယ်ဆိုပြီး ကြွားလုံးထုတ်လေ့ ရှိပါတယ်။ ဒါ့အပြင် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုကို မျှော်လင့်နေတဲ့ သူ့ရဲ့ ဆန္ဒကိုလည်း ဘယ်တော့မှ ဖုံးကွယ်မထားခဲ့ပါဘူး။ အိမ်ဖြူတော်နဲ့ ထရမ့်ရဲ့ ဘက်တော်သားတွေကလည်း ငြိမ်းချမ်းရေး သမ္မတဆိုတဲ့ ညွှန်းဆိုမှုမျိုးတွေနဲ့ လူသိရှင်ကြား ဝါဒဖြန့်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက USIPရဲ့ နာမည်ကို ထရမ့်နာမည် ပေါင်းစပ်မယ့် သတင်းကို ကြေညာခဲ့ရာမှာတော့ နိုင်ငံသမိုင်းမှာ အထူးချွန်ဆုံး ညှိနှိုင်းသူကို ဂုဏ်ပြုခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ပြီးတော့ ထရမ့် လုပ်ဆောင်ခဲ့ဖူးတာတွေထက် ပိုကောင်းတဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းမှုတွေ ထပ်လာဦးမယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။ အိမ်ဖြူတော်ရဲ့ လက်ထောက် ပြောရေးဆိုခွင့်ရ အရာရှိ အန်နာကယ်လီကလည်း အဲဒီ ထုတ်ပြန်ချက်ကို လူမှုကွန်ရက်ပေါ် မျှဝေခဲ့ပြီး ကမ္ဘာကြီးအတွက် ဂုဏ်ယူမိတယ်လို့ ရေးသားထားပါတယ်။

ရဝမ်ဒါနဲ့ ကွန်ဂိုနိုင်ငံတွေကြား ငြိမ်းချမ်းရေး သဘောတူညီမှုကို ဝါရှင်တန်မှာ လက်မှတ်ရေးထိုးမယ့် အစီအစဉ် မတိုင်ခင်မှာ USIPကို ထရမ့်နာမည်နဲ့ အဖွဲ့အစည်းအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ထရမ့် အာဏာရစ အချိန်တုန်းက အစိုးရ အသုံးစရိတ်တွေ ချွေတာဖို့ဆိုပြီး ဘတ်ဂျတ်တွေ လျှော့ချ၊ ဝန်ထမ်းတွေကို အလုပ်ထုတ်ခဲ့ရာမှာ USIPဟာ အဓိက ပစ်မှတ်တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ ထရမ့်ရဲ့ အစိုးရဟာ USIPရဲ့ ခေါင်းဆောင်ပိုင်းတွေကိုပါ စိတ်တိုင်းကျ နေရာအပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

USIPရဲ့ အရင် အုပ်ချုပ်မှု အဖွဲ့ထဲမှာ ပါဝင်ခဲ့ဖူးသူ ရှေ့နေ ဂျော့ဂျ်ဖူတေးကတော့ USIPမှာ ထရမ့်နာမည် ထည့်ပေါင်းတဲ့ လုပ်ရပ်ဟာ ထပ်ဆင့်စော်ကားမှု တစ်ခုလို့ စွပ်စွဲခဲ့ပါတယ်။ USIPကို အစိုးရက လွှမ်းမိုး ချုပ်ကိုင်တဲ့ လုပ်ရပ်တိုင်းဟာ တရားမဝင်ဘူးလို့ ဖက်ဒရယ် တရားသူကြီး တစ်ဦးက အဆုံးအဖြတ် ပေးထားပြီး ဖြစ်ကြောင်း၊ ဒါပေမဲ့ အစိုးရဖက်က အယူခံဝင်မှုကို တရားရုံးက လက်ခံထားလို့သာ USIP အဆောက်အအုံကို အစိုးရက ဆက်ထိန်းချုပ်ခွင့် ရထားတာဖြစ်ကြောင်း သူက ဆိုပါတယ်။

ထရမ့်ဟာ နာမည်တွေ ပြောင်းရတာ ဝါသနာပါဟန်ရှိပြီး အိမ်ဖြူတော်ဆီ ပြန်ရောက်လာကတည်းက လူပြောများမယ့် နာမည်အပြောင်းအလဲ တချို့ကို လုပ်ခဲ့ပါတယ်။ ဥပမာ မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိက ပင်လယ်ကွေ့အဖြစ် နာမည်ပြောင်းစေခဲ့လို့ မက္ကဆီကို အစိုးရနဲ့ပါ အငြင်းပွားမှုတွေ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကာကွယ်ရေး ဝန်ကြီးဌာနကိုလည်း စစ်ဝန်ကြီးဌာနအဖြစ် နာမည်ပြောင်းစေခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော်က အတည်ပြုထားတဲ့အတွက် တရားဝင် နာမည်အဖြစ်တော့ မသတ်မှတ်နိုင်ပါဘူး။ ပြီးတော့ အမေရိကန်ရဲ့ အမြင့်ဆုံး တောင်ထွတ်ဖြစ်တဲ့ ဒန်နာလီကိုလည်း မက်ကင်လေတောင်လို့ နာမည်ပြောင်းစေခဲ့ပါတယ်။

ထရမ့်ရဲ့ ဘက်တော်သား ရီပတ်ဘလစ်ကန် အမတ်တချို့ကလည်း ဝါရှင်တန်မှာရှိတဲ့ ဒူးလက်စ် နိုင်ငံတကာ လေဆိပ်ကို ထရမ့်ရဲ့ နာမည်ကို ပြောင်းလဲသတ်မှတ်ဖို့ အဆိုပြုထားကြပါသေးတယ်။

ကိုးကား: UPI

ဆက်စပ်သတင်းများ