အသက်ရှင်သူတွေ ကျန်နေသေးတဲ့ ဗင်နီဇွဲလား စက်လှေတစ်စီးကို အမေရိကန်က ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်း ဗီဒီယိုနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။
အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် မူးယစ်မှောင်ခို လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ စွပ်စွဲထားတဲ့ ဗင်နီဇွဲလား စက်လှေတွေကို ပစိဖိတ် သမုဒ္ဒရာနဲ့ ကာရေဘီယန် ပင်လယ်ပြင်မှာ တိုက်ခိုက်နှစ်မြှုပ်ဖို့ စစ်တပ်ကို အမိန့်ပေးခဲ့ပါတယ်။ လက်ရှိ အချိန်ထိ မူးယစ်ဆေးဝါး မှောင်ခိုလှေတွေလို့ စွပ်စွဲထားတဲ့ ရေယာဉ်ပေါင်း ၂၀ ကျော်ကို အမေရိကန်က ဖျက်ဆီးပစ်ခဲ့ပြီး လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ပါတယ်။
လက်ရှိ ပြဿနာကတော့ စက်တင်ဘာ ၂ ရက်နေ့ စစ်ဆင်ရေးမှာ စက်လှေတစ်စီးပေါ် မသေဘဲ ကျန်နေတဲ့ အသက်ရှင်သူတွေကို အပြတ်ရှင်းဖို့ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အမိန့်ပေးခဲ့ကြောင်း Washington Post သတင်းဌာနက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖော်ပြခဲ့ရာက စတင်ခဲ့ပါတယ်။ အမေရိကန် စစ်တပ်ကလည်း အမိန့်ကို လိုက်နာပြီး လှေကို ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ပြီး အသက်ရှင်ကျန်သူတွေ သေဆုံးခဲ့တယ်လို့ သတင်းဌာနက ဆိုပါတယ်။
ဒီကိစ္စဟာ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ အခြေအနေမျိုးထိ ဖြစ်နိုင်ကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်လာတဲ့နောက် ရှင်းလင်း အဖြေပေးဖို့ ကာကွယ်ရေး ဝန်ကြီးဌာနကို လွှတ်တော်က တောင်းဆိုခဲ့ပါတယ်။ အခု သီတင်းပတ်မှာတော့ ကာရေဘီယန် ပင်လယ်ပြင်က စစ်ဆင်ရေးတွေကို ဦးစီးနေတဲ့ ရေတပ် သေနာပတိ ဖရန့်ခ် ဘရက်ဒ်လေနဲ့ ပူးတွဲ စစ်ဆင်ရေး အကြီးအကဲ ဒန်ကိန်းတို့က လွှတ်တော်ရဲ့ ကြားနာမှု အစီအစဉ်ကို တက်ရောက်ခဲ့ကြပါတယ်။

Public Service Announcement
ဘရက်ဒ်လေက စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှု နှစ်ခုစလုံးကို သူကပဲ ဆုံးဖြတ် ညွှန်ကြားခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ဘရက်ဒ်လေက ဝန်ကြီး ဟက်ဂ်ဆက်သ်ဟာ ဒုတိယအကြိမ် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လက်ခံ အတည်ပြုပေးခဲ့ပေမယ့် အသက်ရှင် ကျန်နေသူတွေကို အပြတ်ရှင်းဖို့ အမိန့်ပေးခဲ့တာမျိုးတော့ မရှိဘူးလို့လည်း အခိုင်အမာ ဆိုပါတယ်။
အစောပိုင်းမှာ ကတည်းက ဟက်ဂ်ဆက်သ်ဟာ အသက်ရှင်သူတွေကို ရှင်းပစ်ဖို့ ဒုတိယအကြိမ် တိုက်ခိုက်စေခဲ့တယ်ဆိုတဲ့ Washington Postရဲ့ ဖော်ပြချက်ကို ငြင်းဆိုထားပြီး ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးကို အပြည့်အဝ ယုံကြည်တယ်လို့ ထောက်ခံ ရပ်တည်ထားပါတယ်။
လွှတ်တော် ကြားနာမှုအရ ဟက်ဂ်ဆက်သ်အပေါ် စွပ်စွဲမှုတွေက လျော့ပါးသွားတယ် ဆိုပေမယ့် အသက်ရှင် ကျန်နေသူရှိတဲ့ လှေကို ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တဲ့ ကိစ္စကတော့ မှန်ကန်ကြောင်း တိတိကျကျ ထွက်ပေါ်လာပါတယ်။ လွှတ်တော်အမတ်တွေဆီကို အဲဒီ တိုက်ခိုက်မှုရဲ့ ပြင်ဆင် ဖြတ်တောက်မထားတဲ့ မှတ်တမ်း ဗီဒီယိုကို တင်ပြခဲ့ရာမှာတော့ တိုက်ခိုက်မှု မတိုင်ခင်ထိ လှေပေါ်မှာ လူ ၂ ဦး အသက်ရှင်ကျန်ပြီး အရမ်း အထိတ်တလန့် ဖြစ်နေခဲ့တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယ တိုက်ခိုက်မှု အပြီးမှာတော့ အားလုံး သေဆုံးကုန်ပါတယ်။
အဲဒီ ဗီဒီယို ထွက်ပေါ်လာခြင်းဟာ အာဏာရ ရီပတ်ဘလစ်ကန် ပါတီအတွက်လည်း ကြီးမားတဲ့ ဖိအားတစ်ခု ဖြစ်လာပါတယ်။ လွှတ်တော်ထဲမှာတော့ ဗီဒီယိုနဲ့ ပတ်သက်လို့ စစ်တပ်ရဲ့ လုပ်ဆောင်ချက် မှန်မမှန် အငြင်းအခုံတွေ ဖြစ်ပေါ်နေပြီး ရီပတ်ဘလစ်ကန် အမတ် အတော်များများက ဒုတိယမြောက် တိုက်ခိုက်မှုဟာ စစ်ဆင်ရေး လိုအပ်ချက်အရဖြစ်ပြီး ဥပဒေတွေနဲ့ ညီညွတ်တယ်ဆိုတဲ့ ရှုထောင့်ကနေ ခုခံနေကြပါတယ်။
အတိုက်အခံ ဒီမိုကရက်တစ် ပါတီဝင်တွေကတော့ ဗီဒီယို မှတ်တမ်းကို ပြည်သူလူထုဆီ တင်ပြသင့်ကြောင်း ပြောကြားခဲ့ပြီး စစ်ရေးဆိုင်ရာ ဥပဒေ ကျွမ်းကျင်သူတွေကလည်း ဗီဒီယိုကို ထုတ်ပြန်ပေးဖို့ တောင်းဆိုနေကြပါတယ်။
ဥပဒေရေးရာ ပညာရှင်တွေကတော့ မူးယစ်မှောင်ခို ဂိုဏ်းသားတွေဟာ အန္တရာယ် ပေးနိုင်တဲ့ အခြေအနေ မရှိတာ သေချာနေပြီဆိုရင် သူတို့ကို သတ်ဖြတ်တာက အမေရိကန်နဲ့ နိုင်ငံတကာ ဥပဒေတွေအရ လူသတ်မှု မြောက်တယ်လို့ ထောက်ပြခဲ့ပါတယ်။ အခုဖြစ်စဉ်မှာ သင်္ဘောက ပျက်စီးနေပြီး အသက်ရှင် ကျန်သူတွေကလည်း တုံ့ပြန်ပစ်ခတ်ခဲ့တာ မရှိကြောင်း၊ ဒါကြောင့် သူတို့ကို သတ်ဖြတ်တာဟာ ဥပဒေ ချိုးဖောက်မှုမြောက်ကြောင်း ပြောပါတယ်။
ထရမ့်ကတော့ သူဟာ ဒီကိစ္စမှာ ဒုတိယအကြိမ် တိုက်ခိုက်မှုတစ်ခု ရှိခဲ့တယ်ဆိုတာ ကြိုမသိခဲ့ကြောင်း၊ ဘာပဲဖြစ်ဖြစ် ဟက်ဂ်ဆက်သ်နဲ့ အမေရိကန် စစ်တပ်ရဲ့ ကျယ်ပြန့်တဲ့ စစ်ဆင်ရေး လုပ်ဆောင်ချက်တွေကို ဆက်လက် ထောက်ခံနေမှာဖြစ်ကြောင်း မှတ်ချက်ပေးထားပါတယ်။
တချို့ ဒီမိုကရက်တစ် အမတ်တွေကတော့ ဒီဖြစ်စဉ်မှာ ဟက်ဂ်ဆက်သ်ဟာ လုံးဝ တာဝန်မကင်းဘူးလို့ ဝေဖန်ခဲ့သလို အမေရိကန် စစ်တပ်ကို ထိထိရောက်ရောက် ဦးဆောင်နိုင်တဲ့ အရည်အချင်း သူ့မှာ ကင်းမဲ့နေတာ မြင်သာကြောင်း စွပ်စွဲထားကြပါတယ်။
ကိုးကား: Reuters


















































