အမေရိကန်ဟာ ယူကရိန်းအပေါ် သစ္စာဖောက်နိုင်ခြေ ရှိတယ်လို့ ပြင်သစ် သမ္မတက ယူကရိန်း သမ္မတအပေါ် သတိပေးခဲ့ကြောင်း ဂျာမန် မီဒီယာ တစ်ခုက ဖော်ပြသွားပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဥရောပ နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေနဲ့ မကြာသေးခင်က ဖုန်းဆက်သွယ် ပြောဆိုမှုတွေကို ရေးမှတ်ထားတဲ့ မှတ်တမ်းတစ်ခု ပေါက်ကြားမှုမှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ရဲ့ သတိပေးစကားကို တွေ့ခဲ့ရကြောင်း ဂျာမန် သတင်းမဂ္ဂဇင်း Der Spiegelက ဆိုပါတယ်။
အမေရိကန်ဟာ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ရပ်ဆိုင်းစေဖို့ ကြားဝင် ညှိနှိုင်းပေးနေပေမယ့် ယူကရိန်းနဲ့ ဥရောပ ခေါင်းဆောင်တွေ ချိတ်ဆက်ပြီး ဖုန်းပြောဆိုခဲ့မှု မှတ်တမ်းအရ အရတော့ ဥရောပ နိုင်ငံ ခေါင်းဆောင် အတော်များများက ယူကရိန်းဆီ အမေရိကန်ရဲ့ ချဉ်းကပ်နေတဲ့ ရိုးသားမှုအပေါ် သံသယ ရှိနေတယ်လို့ Der Spiegelက မှတ်ချက်ပြုထားပါတယ်။
မာခရွန်က လက်ရှိ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေဟာ ဇီလန်စကီးအတွက် အန္တရာယ်ကြီးတစ်ခုခု ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ကြောင်း သိရပါတယ်။ အလားတူ ဂျာမနီ အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်ကလည်း ယူကရိန်း သမ္မတ အနေနဲ့ အရမ်းကို ဂရုစိုက်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
ယူကရိန်းကိုရော၊ ဥရောပကိုပါ အမေရိကန်က ကစားပွဲထဲမှာ ခြယ်လှယ်နေတယ်လို့ မားဇ်က ဇီလန်စကီးကို ပြောကြားခဲ့ကြောင်း Der Spiegelက ဖော်ပြခဲ့ပါတယ်။ မာခရွန်ကတော့ အချုပ်အခြာ အာဏာ နယ်မြေတွေ ကိစ္စနဲ့ ပတ်သက်ရင် အမေရိကန်ဟာ ယူကရိန်းကို သစ္စာဖောက်နိုင်ကြောင်းနဲ့ ယူကရိန်းအတွက် ခိုင်မာတဲ့ လုံခြုံရေး အာမခံချက်မျိုး မပေးဘဲ ခေါင်းရှောင်သွားတာမျိုးတွေ ရှိလာနိုင်ကြောင်း ဇီလန်စကီးဆီ သတိပေးခဲ့ပါတယ်။
ထရမ့်နဲ့ ဂေါက်ရိုက်ဖက် တစ်ဦးဖြစ်တဲ့ ဖင်လန် သမ္မတ အလက်ဇန္ဒား စတက်ဘ်ကလည်း ယူကရိန်းနဲ့ ဇီလန်စကီးတို့ချည်းသက်သက် ထရမ့်တို့နဲ့ လွှတ်ထားပေးလို့ မရဘူးဆိုပြီး ထောက်ပြခဲ့ကြောင်း Der Spiegelက ရေးသားထားပါတယ်။ ထရမ့်ကို လူသိရှင်ကြား ချီးကျူးလေ့ရှိတဲ့ NATO စစ်မဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ် ရူတေးကလည်း စတက်ဘ်ရဲ့ စကားကို ထောက်ခံပြီး ယူကရိန်းချည်း လွှတ်ထားပေးရင် ဒုက္ခရောက်ကုန်မယ်လို့ ဆိုခဲ့ကြောင်း သိရပါတယ်။
Der Spiegelက အဲဒီသတင်း ဖော်ပြချက်နဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၁ ရက်နေ့ ဖုန်းဆက် ဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့၊ ဒါမှမဟုတ် ကောင်းကောင်း သိရှိထားတဲ့ သတင်းရင်းမြစ် တချို့ဆီက အတည်ပြုချက်တွေ ရရှိထားတယ်လို့လည်း ဆိုပါတယ်။
ဇီလန်စကီးရဲ့ အစိုးရအဖွဲ့ကတော့ ဒီသတင်းအပေါ် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ အလားတူ ဂျာမနီ အစိုးရရော၊ ပြင်သစ် သမ္မတ အိမ်တော်ဖြစ်တဲ့ အီလိုင်ဆီ နန်းတော်ကပါ နှုတ်ဆိတ်နေပါတယ်။ NATO အတွင်းရေးမှူးချုပ် ရုံးကလည်း ဘာမှ မဖြေရှင်းပါဘူး။ Der Spiegelကတော့ နိုင်ငံခေါင်းဆောင်တွေ ချိတ်ဆက်ပြီး ဖုန်းပြောခဲ့တဲ့ မှတ်တမ်းမူရင်းကို ရရှိထားကြောင်း ဖော်ပြထားပါတယ်။
ကိုးကား: Guardian
ဓာတ်ပုံ – Getty Images


















































