အနာဂတ်ကာလ လေကြောင်းစစ်ပွဲတွေမှာ တိုက်လေယာဉ်တွေရဲ့ အခြံအရံအဖြစ် တာဝန်ယူ ပျံသန်းပေးမယ့် ဒရုန်းတစ်စီးကို အမေရိကန် လက်နက် နည်းပညာ ကုမ္ပဏီ Northrop Grummanက မိတ်ဆက် ပြသလိုက်ပါတယ်။
ဒီဇင်ဘာ ၄ ရက်နေ့တုန်းက ကယ်လီဖိုးနီးယားပြည်နယ်၊ မိုဂျာဗီမြို့မှာ Talonလို့ နာမည်ပေးထားတဲ့ တိုက်လေယာဉ် ဒရုန်းကို ကုမ္ပဏီက ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ Talonဟာ လေကြောင်း တိုက်ပွဲတွေမှာ လူသား လေယာဉ်မှူးတွေ ထိန်းချုပ်နေတဲ့ တိုက်လေယာဉ်တွေကို အချိတ်ဆက်မိမိ အကူအညီပေးဖို့၊ စစ်ဆင်ရေး စွမ်းဆောင်ရည်ကို ချဲ့ထွင်နိုင်စေဖို့ ရည်ရွယ် ဖန်တီးထားတဲ့ ပရောဂျက်လို့ ကုမ္ပဏီက ပြောပါတယ်။
Talonဟာ စိတ်ကူးခြေခံ ဖန်တီးမှုအဆင့်မှာပဲ ရှိနေသေးပြီး ကုမ္ပဏီရဲ့ ရှည်လျားပြီး စုံလင်ခဲ့တဲ့ ပျံသန်းရေးဒရုန်း တီထွင်မှု အခြေခံကောင်းတွေအပေါ် မူတည်ပြီး အဆင့်မြှင့်တင် တည်ဆောက်သွားမယ်လို့ Northrop Grummanက ဆိုပါတယ်။
ပြီးတော့ Talonကို လက်တွေ့ အသုံးပြုနိုင်တဲ့ အဆင့်မျိုး ထုတ်လုပ်တဲ့ အခါမှာ ကွဲပြားတဲ့ စစ်ဆင်ရေး အခြေအနေတွေအလိုက် ပိုမို အသုံးတည့်စေမယ့် မူကွဲတွေကိုပါ မိတ်ဆက်နိုင်ဖို့ ကုမ္ပဏီက ရည်ရွယ်ထားပါတယ်။

Public Service Announcement
Talonရဲ့ လက်တွေ့ အလုပ်ဖြစ်တဲ့ မော်ဒယ်လ်ကို ၂၄ လအတွင်း အပြီးတည်ဆောက်ဖို့၊ အဲဒီ ကာလ အပိုင်းအခြားမှာတင် ပထမဆုံးအကြိမ် လက်တွေ့ ပျံသန်းမှုကို စတင်နိုင်ဖို့လည်း Northrop Grummanက မျှော်လင့်နေပါတယ်။
Northrop Grummanဟာ Talonရဲ့ လက်နက် တပ်ဆင်မှု၊ ခရီးအကွာအဝေး၊ မြန်နှုန်းစတဲ့ အချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။ ပြီးတော့ Talonဟာ အမေရိကန်ရဲ့ ဘယ်တိုက်လေယာဉ် အမျိုးအစားတွေနဲ့ တွဲဖက်ပြီး စစ်ဆင်ရေး တာဝန်တွေ ထမ်းဆောင်မှာလဲ ဆိုတာကိုလည်း မကြေညာသေးပါဘူး။
လူသားတွေ ထိန်းချုပ်နေတဲ့ တိုက်လေယာဉ်တွေနဲ့ ဒရုန်း တိုက်လေယာဉ်တွေကို ဟန်ချက်ညီညီ ချိတ်ဆက်ပြီး စစ်ဆင်ရေး တာဝန်တွေ ထမ်းဆောင်စေဖို့ ဆိုတာဟာ အမေရိကန်က အထူးအလေးထား သုတေသနပြုနေတဲ့ စစ်ရေး အစီအမံ တစ်ခုပါ။
အမေရိကန် လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Lockheed Martinကလည်း F-22 တိုက်လေယာဉ် တစ်စီးရဲ့ လေယာဉ်မှူးက လေယာဉ်ကို ကိုယ်တိုင် ပျံသန်းနေရင်း တခြားဒရုန်းတစ်စီးကိုပါ တပြိုင်တည်း ထိန်းချုပ်စေခိုင်းနိုင်တဲ့ စမ်းသပ်မှု တစ်ခုကို အောင်မြင်ပြီးမြောက်ခဲ့ကြောင်း မကြာသေးခင်က ကြေညာထားပါတယ်။
ကိုးကား: Tech Blog


















































