ဘီနင်နိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း အစိုးရက ကြေညာခဲ့ပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့တုန်းက အနောက်အာဖရိက ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ ဘီနင်မှာ စစ်တပ် အရာရှိ တချို့က အာဏာသိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနထဲကနေ မနက်ပိုင်းမှာ ထုတ်လွှင့်တဲ့ ကြေညာချက်မှာတော့ လက်နက် ကိရိယာ အပြည့်အစုံနဲ့ စစ်သားတွေကို တွေ့ခဲ့ရပါတယ်။
အဲဒီနောက် အခြေအနေတွေက အရမ်းရှုပ်ထွေးသွားခဲ့ပြီး ပြည်သူတွေလည်း အထိတ်တလန့် ဖြစ်ကုန်ပါတယ်။ နိုင်ငံရဲ့ အကြီးဆုံးနဲ့ အစိုးရ ရုံးစိုက်ရာ မြို့ဖြစ်တဲ့ ကိုတိုနူမှာလည်း ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒေသခံတွေကတော့ အဲဒီပေါက်ကွဲသံတွေဟာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
နာရီတချို့ အကြာမှာတော့ အစိုးရက နောက်ဆက်တွဲ ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ အဲဒီ အာဏာသိမ်းမှုဟာ ဘီနင် စစ်တပ် တစ်ခုလုံးရဲ့ လုပ်ဆောင်ချက် မဟုတ်ကြောင်း၊ အစိုးရကို ဆက်လက် သစ္စာခံနေတဲ့ တပ်ဖွဲ့တွေဟာ အာဏာသိမ်းမယ့် အကြံအစည်ကို တားဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အစိုးရ ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်းဖို့ ကြံစည်ခဲ့တဲ့ တပ်အရာရှိတွေကို တပ်တွင်း အုံကြွသူတွေအဖြစ် စွပ်စွဲထားပါတယ်။

Public Service Announcement
ဘီနင်မှာ အာဏာသိမ်းကြောင်း ကြေညာချိန်မှာ အိမ်နီးချင်း နိုက်ဂျီးရီးယား နိုင်ငံက အဲဒီအခြေအနေကို တုံ့ပြန်ဖို့ တိုက်လေယာဉ်တွေ စေလွှတ်ပေးခဲ့ပါတယ်။ လေကြောင်းပျံသန်းမှု မှတ်တမ်းတွေအရ နိုက်ဂျီးရီးယား လေယာဉ် ၃ စီးဟာ ဘီနင်လေပိုင်နက်ထဲ ဝင်ရောက်ခဲ့ပြီး အဲဒီနောက် ပြန်လည် ထွက်ခွာသွားတာကို တွေ့ခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ နိုက်ဂျီးရီးယား အစိုးရက ဘီနင်မှာ အာဏာသိမ်းမယ့် အားထုတ်မှုကို ဟန့်တားဖို့နဲ့ အစိုးရအတွက် လေပိုင်နက် စိုးမိုးမှုကို ကာကွယ်ပေးထားဖို့ တိုက်လေယာဉ်တွေ စေလွှတ်ပေးခဲ့တယ်လို့ အတည်ပြုသွားပါတယ်။ ပြီးတော့ နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနနဲ့ စစ်စခန်း တစ်ခုမှာ စုဝေးနေတဲ့ အာဏာသိမ်းဖို့ ကြံစည်သူတွေကိုပါ တိုက်ခိုက်ခဲ့တယ်လို့လည်း နိုက်ဂျီးရီးယားက ဆိုပါတယ်။
ဘီနင် သမ္မတ ပက်ထရစ် တာလွန်က စစ်တပ်ထဲမှာ နိုင်ငံအပေါ် ဆက်လက် သစ္စာစောင့်သိတဲ့ အရာရှိတွေ အကူအညီကြောင့် အာဏာသိမ်းဖို့ ကြိုးစားမှုကို ဖြိုခွင်းနိုင်ခဲ့တယ်လို့ တစ်နိုင်ငံလုံးကို လိပ်မူပြီး ညနေပိုင်းမှာ မိန့်ခွန်းပြောခဲ့ပါတယ်။ နိုင်ငံအပေါ် ဆက်ပြီး သစ္စာ စောင့်သိကြောင်း ပြသခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ၊ တပ်ခေါင်းဆောင်တွေကို ချီးကျူး အသိအမှတ် ပြုကြောင်း၊ အစိုးရဟာ အာဏာသိမ်းမယ့် အကြံအစည် တစ်ခုကနေ လွန်မြောက်ခဲ့ပြီဆိုတာ ပြည်သူတွေကို အာမခံနိုင်ကြောင်း တာလွန်က ဆိုပါတယ်။
အသက် ၆၇ နှစ်အရွယ် သမ္မတက အစိုးရ သစ္စာခံ တပ်တွေဟာ ပုန်ကန်သူတွေရဲ့ နောက်ဆုံးလက်ကျန် အင်အားစုတွေကိုပါ လိုက်လံ ရှင်းလင်းနေဆဲလို့ ပြောပါတယ်။ ဘီနင်မှာ အခြေအနေတွေ ရှုပ်ထွေးနေချိန် အတောအတွင်း နိုင်ငံသားတွေ အနေနဲ့ တတ်နိုင်သမျှ အိမ်အပြင် မထွက်ကြဖို့ ပြင်သစ်နဲ့ ရုရှား သံရုံးတွေက အသီးသီး သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် သံရုံးကတော့ နိုင်ငံသားအားလုံး ကိုတိုနူမြို့ကနေ အတတ်နိုင်ဆုံး ရှောင်ကွင်းနေကြဖို့ အကြံပြုထားပါတယ်။
ဒုတိယ ဗိုလ်မှူးကြီး ပါစကယ်လ် တီဂရီ ဦးဆောင်တဲ့ ပုန်ကန်သူတွေကတော့ နိုင်ငံ မြောက်ပိုင်းမှာ လုံခြုံရေး အခြေအနေတွေ ဆိုးရွားလာနေတာဟာ တာလွန်ဦးဆောင်တဲ့ အစိုးရရဲ့ ညံ့ဖျင်းမှုကြောင့်လို့ စွပ်စွဲပြီး အဲဒါကြောင့် အာဏာသိမ်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။
ဘီနင်မြောက်ပိုင်းက နယ်စပ်တွေမှာ အစွန်းရောက် ဂျီဟတ်ဝါဒီ လက်နက်ကိုင် သောင်းကျန်းသူတွေ ထကြွနေပြီး အိုင်အက်စ်၊ အယ်လ်ကိုင်ဒါတို့နဲ့ ဆက်စပ်တဲ့ ဆဲလ်တွေဟာ တောင်ပိုင်းဒေသတွေထိ စိုးမိုးနယ်မြေတွေ ချဲ့ထွင်ဖို့ ကြိုးစားနေပါတယ်။ ဘီနင် စစ်တပ်ဟာ အဲဒီ စစ်သွေးကြွ အင်အားစုတွေနဲ့ တိုက်ခိုက်ရာမှာ အရေးမလှတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။
ကိုးကား: BBC


















































