နှစ်နိုင်ငံကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့နောက် ကမ္ဘောဒီးယားက ထိုင်းနိုင်ငံနဲ့ ထိစပ်ရာ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရှေ့တောင်အာရှ ဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံကြားက နယ်စပ်စစ်ပွဲဟာ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းမှာ စတင် အပစ်ရပ်လိမ့်မယ်လို့ ပြောကြားခဲ့ပေမယ့် လက်တွေ့မှာတော့ တိုက်ခိုက်မှုတွေက မရပ်သေးပါဘူး။
ဒီဇင်ဘာ ၁၃ ရက်က ကမ္ဘောဒီးယား ပြည်ထဲရေး ဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာတော့ နောက်ထပ် ကြေညာချက်အသစ်တွေ ထွက်ပေါ်မလာမချင်း နယ်စပ်ဂိတ်တွေကို ဆက်ပြီး ပိတ်ထားမယ်လို့ ပါရှိခဲ့ပါတယ်။
ထရမ့်က ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်ကြလိမ့်မယ်လို့ ပြောပေမယ့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်ကတော့ နယ်စပ်မှာ ထိုင်းပိုင်နက်ထဲ ကျူးကျော်နေတဲ့ ကမ္ဘောဒီးယား တပ်တွေ အားလုံး ရုပ်သိမ်းပြီး မြေမြှုပ်မိုင်းတွေ အားလုံးကိုလည်း ရှင်းပေးမှသာ အပစ်အခတ် ရပ်စဲရေးက လက်တွေ့ ဖြစ်လာနိုင်လိမ့်မယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement
နှစ်ဖက် တိုက်ပွဲတွေအတွင်း ဒီဇင်ဘာ ၁၃ ရက်နေ့က ထိုင်းစစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့လည်း ထိုင်းစစ်တပ်က ပြောပါတယ်။ ကမ္ဘောဒီးယားကတော့ အသေအပျောက် စာရင်းထပ်တိုးမှု ဘယ်လောက်ရှိသလဲ ဆိုတာကို မထုတ်ပြန်သေးပါဘူး။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နှစ်ဖက်ကြား လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်နေပြီး ထိုင်းလေတပ်ကလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထိုင်းတိုက်လေယာဉ်တွေဟာ ဟိုတယ် အဆောက်အအုံတွေနဲ့ တံတားတစ်စင်းကို ဗုံးကြဲ ဖျက်ဆီးခဲ့တယ်လို့ ကမ္ဘောဒီးယားက စွပ်စွဲခဲ့ပြီး ထိုင်းကတော့ ကမ္ဘောဒီးယားဖက်က ဒုံးကျည်တွေနဲ့ပစ်လို့ အရပ်သားတချို့ ဒဏ်ရာရခဲ့ကြောင်း ကြေညာပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ထိ အခြေအနေအရ ကမ္ဘောဒီးယားမှာ အရပ်သား ၁၁ ဦးသေပြီး ၅၉ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။
နယ်စပ်မှာ တိုက်ပွဲတွေ အရှိန်မြင့်လာတဲ့နောက် နှစ်နိုင်ငံရဲ့ ပြည်သူ စုစုပေါင်း ၇ သိန်းလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းအခုံကို အကြောင်းပြုပြီး ဇူလိုင်လလယ်တုန်းက ၅ ရက်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပေမယ့် အမေရိကန်၊ မလေးရှားတို့ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် အပစ်ရပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကစလို့ နှစ်ဖက်ကြား တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပေါ်လာပြီး လျင်လျင်မြန်မြန် အရှိန်မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
ကိုးကား: BBC

















































