Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ဆန့်ကျင်သူ ဟောင်ကောင် သူဌေးကြီး ဂျင်မီလိုင် ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်ခြေရှိနေ

ဟောင်ကောင် မီဒီယာ လုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင်ဟာ နိုင်ငံတော် လုံခြုံရေး ထိခိုက်စေမှု၊ ဆူပူအုံကြွအောင် လှုံ့ဆော်မှု စွပ်စွဲချက်တွေအတွက် ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

ဓာတ်ပုံ - AP

ဟောင်ကောင် မီဒီယာ လုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင်ဟာ နိုင်ငံတော် လုံခြုံရေး ထိခိုက်စေမှု၊ ဆူပူအုံကြွအောင် လှုံ့ဆော်မှု စွပ်စွဲချက်တွေအတွက် ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

တရုတ်အစိုးရရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိနေတဲ့ ဟောင်ကောင်မှာ ၂ နှစ်လောက် အချိန်ယူ စစ်ဆေးခဲ့တဲ့ လိုင်ရဲ့ အမှုဟာ အများရဲ့ အာရုံစိုက်စရာ ဖြစ်ခဲ့သလို အခုစီရင်ချက်ကလည်း တရုတ် အုပ်စိုးမှုအောက်မှာ ကျွန်းနိုင်ငံငယ်လေး ဟောင်ကောင်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ဘယ်လောက် ဆုံးရှုံးလာနေသလဲ ဆိုတာကို မြင်သာစေခဲ့ပါတယ်။

အသက် ၇၈ နှစ်အရွယ် ကိုယ့်ထူးကိုယ်ချွန် စီးပွားရေး လုပ်ငန်းရှင် လိုင်ဟာ တရုတ်အစိုးရရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး အတိအလင်း လူသိရှင်ကြား ဝေဖန် ထိုးနှက်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက ဟောင်ကောင်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အပြီးမှာတော့ တရုတ်ဟာ ဟောင်ကောင်ရဲ့ ဒီမိုကရေစီ အင်အားစုတွေအပေါ် ပိုမို ဖိနှိပ် ဖြိုခွင်းတဲ့ အငြင်းပွားစရာ လုံခြုံရေး ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေကို အခြေပြုပြီး တရားစွဲဆိုတာ ခံရသူတွေထဲမှာ လိုင်ဟာ အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။

လိုင်ဟာ တရုတ်အစိုးရအပေါ် ဖီဆန်ရပ်တည်ပြီး ဒီမိုကရေစီကို အားပေးတဲ့ Apple Daily သတင်းဌာနကို တည်ထောင်ခဲ့သူပါ။ ၂၀၂၁ မှာတော့ တရုတ်ရဲ့ တစ်ဖက်သတ် ဖိအားပေးမှုကြောင့် သတင်းဌာနကို ပိတ်ခဲ့ရပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ ဟောင်ကောင် တရားရုံး တစ်ခုက လိုင်ကို နိုင်ငံတော် လုံခြုံရေး ထိခိုက်စေမှု စွပ်စွဲချက် နှစ်ခု၊ ဆူပူအုံကြွအောင် လှုံ့ဆော်မှု တစ်ခုအတွက် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ လိုင်ဟာ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်မျိုး စီရင်ချမှတ် ခံရဖွယ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

လိုင်ကို ပြည်ပ အင်အားကြီး ဒီမိုကရေစီ နိုင်ငံတွေက ထောက်ခံ ရပ်တည်ထားကြပြီး သူ့အပေါ် ချမှတ်တဲ့ တရားရေး ဆုံးဖြတ်ချက်ကို ရှုတ်ချထားကြပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လိုင်ကို ရတဲ့နည်းနဲ့ ကယ်ထုတ်မယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

လိုင်ဟာ ဗြိတိန်နိုင်ငံသားလည်း ခံယူထားတာကြောင့် သူလွတ်မြောက်ရေးအတွက် ဗြိတိန်အစိုးရကလည်း အပြင်းအထန် တောင်းဆိုနေပါတယ်။

ဟောင်ကောင်ဟာ ဗြိတိန်ကနေ လွတ်လပ်ရေးရပြီး တရုတ်ဆီ ပေါင်းစည်းခဲ့ချိန်မှာတော့ တရုတ် ပြည်မကြီးနဲ့ ယှဉ်ရင် အများကြီး ပိုလွတ်လပ်ပြီး တစိတ်တပိုင်း ဒီမိုကရေစီ ကိုယ်ပိုင် အုပ်ချုပ်ခွင့်မျိုး ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ဆန္ဒပြမှုတွေအပြီး တရုတ်က လုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ချိန်မှာ အဲဒီနိုင်ငံရေး နောက်ခံ အခြေအနေဟာ လုံးဝဥဿုံ ပြောင်းလဲသွားပါတယ်။ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အများအပြားဟာ အာဏာပိုင်တွေရဲ့ ပစ်မှတ်ထားမှုကို ကြုံလာရတာကြောင့် ပြည်ပကို ထွက်ပြေးခဲ့ရပါတယ်။

ဟောင်ကောင်နဲ့ တရုတ်အစိုးရ အာဏာပိုင်တွေကတော့ အဲဒီဥပဒေဟာ ဆန္ဒပြပွဲတွေအပြီး ဟောင်ကောင်ရဲ့ တည်ငြိမ်မှု၊ ငြိမ်ဝပ်ပိပြားမှုကို ပြန်လည်တည်ဆောက်ဖို့ မဖြစ်မနေ လိုအပ်ခဲ့တယ်လို့ အကြောင်းပြထားပါတယ်။

လိုင်အပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ချက်ကို ကြေညာချိန်မှာ တရားသူကြီးက လိုင်ရဲ့ အရွယ်ရောက်ပြီး အသက်အရွယ် တလျှောက်လုံးမှာ တရုတ်အပေါ် ခါးသီးရန်လိုတဲ့ သဘောထားတွေ ကိုင်ဆွဲခဲ့တယ်ဆိုတာ သံသယရှိဖို့ မလိုကြောင်း ထည့်သွင်း စွပ်စွဲသွားခဲ့ပါတယ်။

အစိုးရ ရှေ့နေတွေက လိုင်ဟာ ထရမ့်ရဲ့ အမေရိကန် သမ္မတ ပထမ သက်တမ်းအတွင်း ဒုတိယ သမ္မတ မိုက်ခ်ပန့်စ်၊ နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွမ်ပီရိုတို့နဲ့ တွေ့ဆုံခဲ့တာတွေဟာ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းပြီး ဆူပူအောင် လှုံ့ဆော်ဖို့ ကြံစည်ခဲ့တဲ့ အထောက်အထားတွေလို့ စွပ်စွဲခဲ့ပါတယ်။ လိုင်ဟာ တရုတ်ကို ဒဏ်ခတ်ဖို့အတွက် အမေရိကန် အနေနဲ့ တရုတ် ကျောင်းသားတွေရဲ့ ဗီဇာတွေကို ရုပ်သိမ်းတဲ့ နည်းလမ်းမျိုးတွေကို အသုံးပြုသင့်ကြောင်း အကြံပေးခဲ့တယ်လို့လည်း တရုတ် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

လိုင်ဟာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်တဲ့ စွပ်စွဲချက်တွေကြောင့် ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းကတည်းက အဖမ်းခံထားရတာ ဖြစ်ပါတယ်။ လိုင်ရဲ့ ပြစ်မှုတွေအတွက် စီရင်ချက်ကို ဆုံးဖြတ်မယ့် နေ့ကို နောက်ထပ် ရုံးချိန်းမှာ ထုတ်ပြန်မယ်လို့လည်း တရားသူကြီးတွေက ပြောပါတယ်။ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်အောင် ပြည်ပ အင်အားစုတွေနဲ့ ပူးပေါင်း ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ လုံခြုံရေး ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေအရ ထောင်ဒဏ် တစ်သက်ထိ ကျခံရနိုင်တယ်လို့လည်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ