ဖေဖော်ဝါရီလဆန်းပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင် (EC)က အတည်ပြု ကြေညာလိုက်ပါတယ်။
ဝန်ကြီးချုပ် အနူတင် ချန်ဗီယာကူလ်က လွှတ်တော်ကို ဖျက်သိမ်းခဲ့တဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲအဖြစ် ထိုင်းမှာ ရွေးကောက်ပွဲ ပြန်လည် ကျင်းပဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အင်အားနည်း အစုအဖွဲ့တစ်ခု အနေနဲ့ ညွန့်ပေါင်းအစိုးရကို ဦးဆောင်နေတဲ့ အနူတင်ရဲ့ ဘွန်ဂျမ်ထိုင်း ပါတီဟာ မိတ်ဖက် ပြည်သူ့ပါတီ (PP)ရဲ့ ဆက်လက် ထောက်ခံမှုကို မရတော့တဲ့နောက် အနူတင်က လွှတ်တော်ကို ဖျက်သိမ်းလိုကြောင်း ထိုင်းဘုရင်ဆီက ခွင့်ပြုချက်ကို တောင်းခံခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဘုရင်ရဲ့ ခွင့်ပြုချက်အရ လွှတ်တော် ဖျက်သိမ်းမယ်လို့ ကြေညာလိုက်တဲ့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ၄၅ ရက်ကနေ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ခဲ့ရတာ ဖြစ်ပါတယ်။ ထိုင်းမှာတော့ ၂၀၂၃ ရွေးကောက်ပွဲအပြီး ၂၀၂၃ ရွေးကောက်ပွဲအပြီး ၂ နှစ်အတွင်း ဝန်ကြီးချုပ် ၃ ဦး ပြောင်းခဲ့သလို အခုအခါ ရွေးကောက်ပွဲ အသစ်ပါ ကျင်းပရတော့မှာပါ။
ဘွန်ဂျမ်ထိုင်းပါတီဟာ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် ဝါဒီဖြစ်ပြီး PPကတော့ ၂၀၂၃ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အများဆုံး ရရှိခဲ့ပြီး တိုးတက်တဲ့ ပြုပြင်ပြောင်းလဲရေး ဝါဒကို လက်ကိုင်ပြုပါတယ်။ ပါတီနှစ်ခုကြား အခြေခံမူတွေ အရမ်းကွာခြားပေမယ့်လည်း ဖျူထိုင်းပါတီ (PTP) ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရကို ဖြုတ်ချဖို့အတွက် ယာယီ မဟာမိတ်အဖြစ် ပူးပေါင်းခဲ့ကြတာပါ။

Public Service Announcement
ဒါပေမဲ့ အနူတင်ရဲ့ အစိုးရဟာ ကတိတွေ ဖျက်ခဲ့တယ်လို့ PPက စွပ်စွဲပြီး ပူးပေါင်းမှုကို ရပ်စဲခဲ့သလို အစိုးရကို အယုံအကြည်မရှိ အဆိုတင်ဖို့ပါ လုပ်ဆောင်လာတဲ့နောက် အနူတင်က လွှတ်တော်ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ စီစဉ်ခဲ့တာဟာ ပြည်သူ့အာဏာကို ပြည်သူ့ဆီ ပြန်အပ်နှင်းလိုက်တာလို့ သူက ပြောပါတယ်။
ECရဲ့ ထုတ်ပြန်ချက်အရ လာမယ့်နှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး ကြိုတင်မဲတွေကိုတော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပေးရမယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲဟာ အောက်လွှတ်တော် အမတ်နေရာပေါင်း ၅၀၀ ကို ရွေးချယ်ပေးမှာဖြစ်ပြီး အဲဒီထဲက ၄၀၀ ဟာ မဲဆန္ဒနယ်အလိုက် ယှဉ်ပြိုင်သူတွေနဲ့ ၁၀၀ ကတော့ ပါတီတွေအတွက် သတ်မှတ်ပေးထားတဲ့ အချိုးကျ ခွဲတမ်းတွေလို့ သိရပါတယ်။ မဲရလဒ်တွေကိုတော့ ဧပြီ ၉ ရက်နေ့ကျမှ ထုတ်ပြန်မယ်လို့ ECက ဆိုပါတယ်။
ရွေးကောက်ပွဲ ရလဒ်တွေကို တရားဝင် ကြေညာပြီးရင် ၁၅ ရက်အတွင်း လွှတ်တော် ဥက္ကဋ္ဌသစ်ကို ရွေးချယ်ပြီး အဲဒီနောက်မှာမှ နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ကို မဲပေး ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။
အနူတင်ဟာ လက်ရှိ ဖြစ်ပွားနေတဲ့ ကမ္ဘောဒီးယားနဲ့ စစ်ရေး ပဋိပက္ခအတွင်း ထိုင်းအမျိုးသားရေး လက်ယာစွန်း အင်အားစုတွေရဲ့ အားပေးမှုကို ပိုမို ရရှိလာခဲ့ပါတယ်။ ဒါပေမဲ့ လေ့လာသူတွေကတော့ လာမယ့် ရွေးကောက်ပွဲမှာ PPကပဲ အဓိက လူထု အားပေးမှုကို ရရှိတဲ့ ပါတီအဖြစ် ဆက်လက် ရပ်တည်နေနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။
PPဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုနှုန်း အမြင့်ဆုံး ရခဲ့ပေမယ့်လည်း လုံလောက်တဲ့ အမတ်နေရာ မရခဲ့တာကြောင့် ညွန့်ပေါင်းအစိုးရ မဖွဲ့နိုင်ခဲ့ဘဲ PTPနဲ့ ကွန်ဆာဗေးတစ်တွေ ပူးပေါင်းပြီး အစိုးရ ဖွဲ့သွားခဲ့ပါတယ်။ PTP ဦးဆောင်တဲ့ အစိုးရ ပြုတ်ကျချိန်မှာလည်း PPဟာ ကိုယ်တိုင် အစိုးရကို ဦးမဆောင်နိုင်ခဲ့ဘဲ ဘွမ်ဂျိုင်ထိုင်း ပါတီကိုပဲ ထောက်ခံ ပူးပေါင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
ကိုးကား: Reuters

















































