အမေရိကန်ဆီ ဝင်ရောက်ခွင့်ကို ကန့်သတ်တဲ့၊ ပိတ်ပင်တဲ့ နိုင်ငံတွေ စာရင်းကို ထပ်ပြီး တိုးမြှင့်လိုက်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ကြေညာခဲ့ပါတယ်။
ဒီဇင်ဘာ ၁၆ ရက် ကြေညာချက်အရ နိုင်ငံပေါင်း ၅ ခုနဲ့ ပါလက်စတိုင်း ဒေသက လာရောက်သူတွေကို အမေရိကန်ဆီ ပြည်ဝင်ခွင့် လုံးဝဥဿုံ ပိတ်ပင်မှာဖြစ်ပြီး နောက်ထပ် ၁၅ နိုင်ငံကိုတော့ ပြည်ဝင်ခွင့်ဆိုင်ရာ မူဝါဒ တင်းကျပ်မှုတွေ သတ်မှတ် ကြေညာခဲ့ပါတယ်။
ဒါဟာ ထရမ့်လက်ထက်မှာ အမေရိကန်ရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို ပိုမို ကြပ်မတ်လာခြင်းရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ ထရမ့်ရဲ့ မူဝါဒတွေဟာ နိုင်ငံ အတော်များများက ပြည်သူတွေအပေါ် မမျှတတဲ့ အခြေအနေမျိုးတွေနဲ့ ပြည်ဝင်ခွင့် ကန့်သတ်ပိတ်ပင်ရာ ရောက်နေတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ဝေဖန်ထားပါတယ်။
ထရမ့်ကတော့ ပြီးခဲ့တဲ့လက ဝါရှင်တန်ဒီစီ မြို့တော်က အိမ်ဖြူတော်နားမှာ အာဖဂန် ရွှေ့ပြောင်း အခြေချသူ တစ်ဦးက အမေရိကန် စစ်မှုထမ်း နှစ်ယောက်ကို ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်အပြီး ပြည်ပနိုင်ငံတွေ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲ တတိယ နိုင်ငံတွေကနေ အမေရိကန်ဆီ လာရောက် အခြေချမှုတွေကို ပိုမို ကန့်သတ် ပိတ်ပင်မယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement
ထရမ့်ဟာ ဇွန်လတုန်းက အာဖဂန် နစ္စတန်၊ မြန်မာ၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်လ် ဂီနီရာ၊ အီရီထရီးရား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင် ၁၂ နိုင်ငံက ပြည်သူတွေကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ခဲ့ပြီး ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နဲ့ ဗင်နီဇွဲလားတို့ကနေ လာရောက်သူတွေအပေါ် ဗီဇာဆိုင်ရာ တင်းကျပ်မှုတွေ သတ်မှတ်ခဲ့ဖူးပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့ ကြေညာချက်မှာတော့ ဘာကီနာဖာဆို၊ မာလီ၊ နိုက်ဂျား၊ တောင်ဆူဒန်၊ ဆီးရီးယားနဲ့ ပါလက်စတိုင်းတို့က လာရောက်သူတွေကို အမေရိကန်က ပြည်ဝင်ခွင့် ပိတ်ပင်မယ်လို့ ဖော်ပြထား အန်ဂိုလာ၊ အန်တီဂွာနဲ့ ဘာဘူဒါ၊ ဘီနင်၊ အိုင်ဗရီကို့စ်၊ ဒိုမီနီကာ၊ ဂါဘွန်၊ ဂမ်ဘီယာ၊ မာလာဝီ၊ မော်ရီတာနီရာ၊ နိုက်ဂျီးရီးယား၊ ဆီနီဂေါ၊ တန်ဇန်းနီးယား၊ တွန်ဂါ၊ ဇမ်ဘီယာနဲ့ ဇင်ဘာဘွေ နိုင်ငံသားတွေကတော့ တင်းကျပ်တဲ့ စည်းမျဉ်း ကန့်သတ်ချက်တွေ ကြုံရမယ်လို့ ဖော်ပြထားပါတယ်။
ပိတ်ဆို့ကန့်သတ်မှု စာရင်းထဲ ပါဝင်နေတဲ့ နိုင်ငံတွေကနေ ရောက်ရှိနေသူ အများအပြားဟာ အကျင့်ပျက်မှုတွေ၊ လိမ်လည်မှုတွေ၊ ရာဇဝတ် မှတ်တမ်းတွေနဲ့ ပတ်သက် ဆက်နွှယ်မှု ရှိနေတယ်လို့လည်း ထရမ့်က စွပ်စွဲခဲ့ပါတယ်။ တချို့နိုင်ငံတွေရဲ့ နိုင်ငံသားတွေကတော့ အမေရိကန်မှာ သတ်မှတ်ကာလထက် ကျော်လွန်ပြီး အိုဗာစတေး နေထိုင်မှု အချိုးအစား အရမ်းမြင့်နေတယ်လို့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုးကား: AP
ဓာတ်ပုံ – AP


















































