ယူကရိန်းနဲ့ စစ်ပွဲ ရပ်ဆိုင်းပြီးတာနဲ့ ရုရှားဟာ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ နယ်နိမိတ်ကို ထိပါး အကဲစမ်းလာနိုင်တယ်လို့ ဖင်လန် ဝန်ကြီးချုပ်က သတိပေး ပြောကြားခဲ့ပါတယ်။
NATO အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ဖင်လန်ရဲ့ ဝန်ကြီးချုပ် ပက်တာရီ အော်ပိုက ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ရပ်စဲရေး သဘောတူညီမှုတစ်ခု ရသွားခဲ့ရင်တောင် ဥရောပ အနေနဲ့ စိတ်အေးပြီး ပေါ့ပေါ့လျော့လျော့ လုံးဝ မနေဖို့ အလေးအနက် တိုက်တွန်းခဲ့ပါတယ်။
အထူးသဖြင့် ယူကရိန်းမှာ ဖြန့်ကျက်ထားတဲ့ ရုရှားတပ်တွေဟာ NATOနဲ့ နယ်စပ်စည်းနားကို ပြောင်းရွှေ့ ရောက်ရှိလာတာမျိုး ဖြစ်နိုင်တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။ သူက ဥရောပ သမဂ္ဂ (EU) အနေနဲ့ အဖွဲ့ဝင် နိုင်ငံတွေရဲ့ အရှေ့ဖက်စွန်း နယ်နိမိတ်တွေကို ကာကွယ်ဖို့ အသုံးစရိတ်တွေ မြှင့်တင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ယူကရိန်းမှာ ငြိမ်းချမ်းရေး ရသွားပြီးရင်တောင်မှ ရုရှားဟာ ခြိမ်းခြောက်မှု တစ်ခုအဖြစ် ဆက်ရှိနေမယ် ဆိုတာကို အားလုံး သိထားကြပြီး ဖြစ်ကြောင်း၊ အဲဒီနောက်ပိုင်းမှာ ရုရှားဟာ တပ်တွေကို NATO နယ်စပ်နဲ့ ဘောလ်တစ် နိုင်ငံတွေရဲ့ နယ်စပ်နား ရွှေ့လာနိုင်ကြောင်း အော်ပိုက ပြောပါတယ်။

Public Service Announcement
တစ်ချိန်တည်းမှာပဲ အမေရိကန်ဟာ တခြား လုံခြုံရေး အာရုံစိုက်စရာတွေကြောင့် ဥရောပရဲ့ ကာကွယ်ရေး ကဏ္ဍမှာ ပါဝင်မှုနဲ့ အကူအညီပေးမှုတွေကို လျှော့ချဖို့ ပြင်ဆင်နေကြောင်း၊ ဒါကြောင့် NATOဟာ အရှေ့ပိုင်း နယ်နိမိတ်ကို ကာကွယ်ဖို့ ပိုပြီး ဘဏ္ဍာငွေတွေ စိုက်ထုတ် သုံးစွဲဖို့လိုကြောင်း သူက ဆိုပါတယ်။
ရုရှားကသာ NATOနဲ့ နယ်စပ်နားမှာ တပ်တွေ ဖြန့်ကျက်လာရင် NATO နိုင်ငံတွေကရော တူတူညီညီ တုံ့ပြန်သင့်သလားလို့ Financial Times သတင်းဌာနက မေးတဲ့အခါ အော်ပိုက NATO အနေနဲ့ အရှေ့ဖက်စွန်း ဧရိယာတွေမှာ ပိုအားဖြည့်ဖို့ လိုတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
NATO အဖွဲ့ဝင်တွေထဲက ပိုလန်၊ လစ်သူယေးနီးယား၊ လတ်ဗီးယား၊ အက်စ်တိုးနီးယား၊ ဖင်လန်နဲ့ နော်ဝေး ၆ နိုင်ငံဟာ ရုရှားနဲ့ နယ်နိမိတ် ထိစပ်နေပါတယ်။ အဲဒီထဲမှာ နော်ဝေးကလွဲပြီး ကျန်တဲ့ ၅ နိုင်ငံဟာ EUရဲ့ အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။
ဖင်လန်ဟာ အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိခဲ့တဲ့တိုင် ကြားနေ မူဝါဒကို ကာလရှည်ကြာ ကျင့်သုံးခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားက ယူကရိန်းကို စစ်ပြု ကျူးကျော်ပြီးတဲ့နောက် တစ်နှစ်လောက် အကြာမှာတော့ ဖင်လန်ဟာ အဲဒီမူဝါဒကို စွန့်လွှတ်ပြီး NATOနဲ့ ပူးပေါင်းခဲ့ပါတယ်။
ဖင်လန် အစိုးရဟာ ရုရှားနဲ့ နယ်စပ်ထိစပ်ရာ EU နိုင်ငံများ ပထမဆုံးအကြိမ် ညီလာခံကိုလည်း ဒီဇင်ဘာ ၁၇ ရက်နေ့ကျရင် ဟယ်လ်ဆင်ကီမြို့မှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမှာပါ။ ဥရောပ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့အခါ ကာကွယ်ရေး အစီအမံတွေ၊ နယ်စပ် စီမံခန့်ခွဲမှုတွေနဲ့ လုံခြုံရေး ခြိမ်းခြောက်ခံရမှု ပြဿနာတွေကို အဓိက ဦးစားပေး ဆွေးနွေးသွားမယ်လို့ ယုံကြည်ရပါတယ်။
ကိုးကား: TVP
ဓာတ်ပုံ – Reuters


















































