Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ဆီ ပြန်ရတော့မယ့် ပန်ဒါ ဝက်ဝံတွေကို ဂျပန်မှာ လူထောင်သောင်းချီ နှုတ်ဆက်နေကြ

တရုတ်ဆီ ပြန်ပို့ရတော့မယ်ဆိုတဲ့ သတင်းကြောင့် ဂျပန်မှာရှိတဲ့ ပန်ဒါဝက်ဝံ နှစ်ကောင်ကို ဂျပန် ပြည်သူတွေ ထောင်သောင်းချီပြီး လာရောက် နှုတ်ဆက် ကြည့်ရှုနေကြပါတယ်။

တရုတ်ဆီ ပြန်ပို့ရတော့မယ်ဆိုတဲ့ သတင်းကြောင့် ဂျပန်မှာရှိတဲ့ ပန်ဒါဝက်ဝံ နှစ်ကောင်ကို ဂျပန် ပြည်သူတွေ ထောင်သောင်းချီပြီး လာရောက် နှုတ်ဆက် ကြည့်ရှုနေကြပါတယ်။

သံတမန်ရေး အခင်းအကျင်း တစ်ခုအဖြစ် တရုတ်ဟာ ပန်ဒါ ဝက်စုံ မောင်နှမဖြစ်တဲ့ ရှို့ရှိုနဲ့ လိုင်လိုင်ကို တိုကျိုမြို့မှာရှိတဲ့ တိရစ္ဆာန်ရုံ တစ်ခုထဲမှာ ပြသခွင့် ပေးထားခဲ့ပါတယ်။ မူလက ပန်ဒါ ဝက်ဝံနှစ်ကောင်အတွက် ငှားရမ်းထားတဲ့ ကာလဟာ ဖေဖော်ဝါရီလမှာ သက်တမ်းကုန်မှာ ဖြစ်ပေမယ့် အခုတော့ တရုတ်က အချိန်တစ်လစောပြီး ပြန်ပို့ဖို့ တောင်းဆိုထားပါတယ်။

တရုတ်နဲ့ ဂျပန် ဆက်ဆံရေး တင်းမာနေချိန်မှာ တရုတ် အာဏာပိုင်တွေက ပန်ဒါတွေကို ပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက တခြားပန်ဒါတစ်စုံ ရနိုင်ဖို့ တရုတ်ဆီ ဆက်သွယ် ညှိနှိုင်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

တိရစ္ဆာန်ရုံရဲ့ ထုတ်ပြန်ချက်အရ ရှို့ရှိုနဲ့ လိုင်လိုင်ကို ဇန်နဝါရီ ၂၅ ရက်နေ့ထိပဲ ဆက်လက် ပြသထားနိုင်မယ်လို့ သိရှိရပါတယ်။ အဲဒီအခါကျရင် ဂျပန်ဟာ ရာစုနှစ်ဝက် တစ်ခုစာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ပန်ဒါတွေ မရှိတော့တဲ့ အခြေအနေကို ကြုံရမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပန်ဒါ ဝက်ဝံကြီး မျိုးစိတ်တွေဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ရှင်သန်ကျက်စားကြပြီး တရားဝင် သတ်မှတ်မထားတဲ့တိုင် တရုတ်ရဲ့ လာဘ်ကောင် တိရစ္ဆာန်လေးတွေအဖြစ် ယူဆ ခံထားရပါတယ်။ တရုတ်ဟာ ချစ်ကြည်ရေး လက်ဆောင် သဘောမျိုးအဖြစ် ပန်ဒါ ဝက်ဝံတွေကို တခြားနိုင်ငံတွေဆီ ငှားရမ်းပေးလေ့ ရှိပေမယ့် အပြီးတိုင် ပိုင်ဆိုင်ခွင့် မပေးသလို ပန်ဒါတွေ သားပေါက်ရင်လည်း တရုတ်ပိုင် အဖြစ်ပဲ သတ်မှတ်ပါတယ်။

ရှို့ရှိုနဲ့ လိုင်လိုင်တို့ဟာ တိုကျို တိရစ္ဆာန်ရုံမှာ ဧည့်သည်တွေရဲ့ စိတ်နှလုံးကို အဖမ်းစားနိုင်ဆုံး တိရစ္ဆာန်လေးနှစ်ကောင်ဖြစ်ပြီး သူတို့တွေ ပြန်ကြတော့မယ်ဆိုတဲ့ သတင်းကြောင့် အခုရက်ပိုင်းအတွက် ဝမ်းနည်းစိတ်နဲ့ လာရောက်နှုတ်ဆက်သူတွေ စည်ကားနေတာပါ။

အမြွှာမောင်နှမ ဝက်ဝံနှစ်ကောင်ကို တစ်မိနစ်လောက် တွေ့ခွင့်ရဖို့အတွက် လူတွေ ထောင်ချီပြီး တန်းစီ စောင့်ဆိုင်းနေကြတယ်လို့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ပြောပါတယ်။

အခုအခါ ၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပန်ဒါလေးတွေဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လတုန်းက တိုကျိုကို စတင်ရောက်ရှိလာပြီး တိုကျိုမှာပဲ ကြီးပြင်းလာခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်ကသာ ထိုင်ဝမ်ကို စစ်ပြု ကျူးကျော်ခဲ့မယ်ဆိုရင် ဂျပန်ကလည်း ထိုင်ဝမ်ကိုကူဖို့ တပ်တွေ စေလွှတ်မယ်ဆိုတဲ့ သဘောမျိုး ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိရဲ့ နိုဝင်ဘာ လဆန်းတုန်းက မှတ်ချက်စကား တစ်ခွန်းကို အကြောင်းပြုပြီး တရုတ်နဲ့ ဂျပန်ကြားက ဆက်ဆံရေးဟာ နှစ်အတော်များများအတွင်း အဆိုးဆုံး အဆင့်ကို ကျဆင်းနေပါတယ်။

ကိုးကား: ABC

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ