Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လာအိုကနေ ကမ္ဘောဒီးယားဆီ လောင်စာဆီ တင်ပို့နိုင်တဲ့ လမ်းကြောင်းတွေကို ထိုင်းစတင်ပိတ်ဆို့

လာအိုဖက်က လောင်စာဆီတွေ ကမ္ဘောဒီးယားဖက်ကို ရောက်မသွားအောင် စတင် တားဆီး ပိတ်ဆို့ထားကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

ဓာတ်ပုံ - Reuters

လာအိုဖက်က လောင်စာဆီတွေ ကမ္ဘောဒီးယားဖက်ကို ရောက်မသွားအောင် စတင် တားဆီး ပိတ်ဆို့ထားကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး ထိုင်းနဲ့လာအို နယ်စပ်မှာ လောင်စာဆီ သယ်ယူပို့ဆောင်မှု လမ်းကြောင်းတွေကို တင်းတင်းကျပ်ကျပ် စတင်စစ်ဆေးနေတယ်လို့ ထိုင်းစစ်တပ်က ဆိုပါတယ်။ ရည်ရွယ်ချက်ကတော့ အဲဒီ လောင်စာဆီတွေကို ကမ္ဘောဒီးယားဖက်ကို လမ်းကြောင်းပြောင်း ပို့ဆောင်လိုက်တာမျိုး မဖြစ်တာ သေချာစေဖို့ပါ။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ်မှာ ဒီဇင်ဘာ ၇ ရက်နေ့ကစလို့ တကျော့ပြန် စစ်ခင်း တိုက်ခိုက်နေကြတဲ့နောက် ထိုင်းက ကမ္ဘောဒီးယားဖက်ကို လောင်စာဆီ ဝင်ရောက်မှုတွေ ဖြတ်တောက်နိုင်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနဟာ ထိုင်းပင်လယ်ကွေ့ကို ဖြတ်သန်းသွားတဲ့ ရေလမ်းကြောင်းကနေ ကမ္ဘောဒီးယားဆီ လောင်စာဆီနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ ရောက်မသွားအောင် တားဆီးဖို့လည်း ကြိုးစားနေပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ ထိုင်းစစ်တပ်ဟာ လာအိုနဲ့ ထိစပ်ရာ ချောင်မက်ခ် နယ်စပ်ဂိတ်မှာ လောင်စာဆီ သယ်ယူပို့ဆောင်မှုတွေကို စတင်ကန့်သတ်လာခဲ့တာ ဖြစ်ပါတယ်။ ထောက်လှမ်းရေး သတင်းတွေအရ အဲဒီ နယ်စပ်ဂိတ်ကို ဖြတ်သွားတဲ့ လောင်စာဆီတင် ထရပ်ကားတချို့ဟာ ကမ္ဘောဒီးယား စစ်သားတွေဆီ သွားရောက်ပို့ဆောင်ခဲ့တယ်ဆိုတာ ဖော်ထုတ် သိရှိထားတာကြောင့် လိုအပ်သလို တုံ့ပြန်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း သေနာပတိ ဆူရာဆန့် ကွန်ဆီရီက ပြောပါတယ်။

ထိုင်းဟာ လာအိုအစိုးရနဲ့ ပြည်သူတွေကို ထိခိုက်နစ်နာစေလိုမှု လုံးဝ မရှိကြောင်းလည်း သူက သတင်းစာ ရှင်းလင်းပွဲမှာ အလေးအနက် ပြောကြားခဲ့ပါတယ်။

ထိုင်းစစ်တပ်ဟာ ကမ္ဘာဒီးယား ရေပိုင်နက်နဲ့ ထိစပ်ရာ ရေပြင်တဝိုက်ကိုလည်း ထိုင်းရေယာဉ်တွေ မသွားရောက်အောင် တားဆီးဖို့ ပြင်ဆင်ထားပြီး လက်ရှိ အခြေအနေမှာတော့ ထိုင်းလှေသင်္ဘောတွေကို ပစ်ခတ်ခံရတဲ့ အန္တရာယ်မျိုး ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

နောက်ပြီး ပင်လယ် ရေလမ်းကြောင်းကနေ ကမ္ဘောဒီးယားဆီ တင်ဆောင်သွားတဲ့ သန့်စင်ပြီး ဓာတ်ဆီနဲ့ လေယာဉ်ဆီ ပမာဏ အတော်များများကိုလည်း ထိုင်းက ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတိအကျတော့ အတည်မပြုနိုင်ပါဘူး။

လောလောဆယ်မှာတော့ စင်ကာပူဟာ ကမ္ဘောဒီးယားဆီ လောင်စာဆီ တင်ပို့မှု အများဆုံး နိုင်ငံဖြစ်ပြီး ဒီနှစ်ထဲမှာ တန်ချိန် ၉၁၅၀၀၀ လောက် ပို့ဆောင်ပေးပြီးပါပြီ။ ထိုင်းကတော့ မနှစ်က ကမ္ဘောဒီးယားဆီ စုစုပေါင်း လောင်စာဆီ တန် ၁၈၀၀၀၀ လောက် တင်ပို့ခဲ့ပေမယ့် နှစ်ဖက် တင်းမာမှုတွေကြောင့် ဒီနှစ်မှာတော့ တန်ချိန် ၃၀၀၀၀ ဝန်းကျင်သာ တင်ပို့ထားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ