တရုတ်ရေတပ်ရဲ့ အကြီးဆုံး၊ နည်းပညာ အမြင့်ဆုံး လေယာဉ်တင် သင်္ဘောကြီးဟာ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းခဲ့ကြောင်း ထိုင်ဝမ် အစိုးရက ပြောပါတယ်။
ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက တရုတ်ရဲ့ ဖူကျန်း လေယာဉ်တင် သင်္ဘောကြီးဟာ ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ်အဖြစ် ဖြတ်သန်းခဲ့တယ်လို့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
တရုတ်ရေတပ်က တည်ဆောက်ထားတဲ့ လေယာဉ်တင် သင်္ဘော ၃ စီးထဲမှာ ဖူကျန်းဟာ အဆင့်အမြင့်ဆုံး နည်းပညာ၊ ဒီဇိုင်းတည်ဆောက်မှုတွေ ပါရှိပြီး နိုဝင်ဘာလကမှ ရေတပ်ကို တရားဝင် တပ်တော်ဝင်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ရေလက်ကြား ခြားပြီးတည်ရှိတဲ့ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်အစိုးရကတော့ သီးခြားလွတ်လပ်တဲ့ ကိုယ်ပိုင် ရပ်တည်မှုကိုသာ လိုလားပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ်ဟာ ထိုင်ဝမ်တဝိုက်မှာ ရေတပ်၊ လေတပ် အင်အားပြ ခြိမ်းခြောက်မှုတွေကို တိုးမြှင့် လုပ်ဆောင်လာခဲ့ပါတယ်။ တရုတ်ရဲ့ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ စစ်သင်္ဘောတွေက ထိုင်ဝမ်ရေပိုင်နက် အလွန်ကနေ ဖြတ်သန်း ခုတ်မောင်းသွားတာမျိုးတွေ အကြိမ်ကြိမ် ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဖူကျန်း လေယာဉ်တင် သင်္ဘောကြီးက ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီး ခုတ်မောင်းတာကတော့ အခုတစ်ကြိမ် ပထမဆုံး ဖြစ်ပါတယ်။ လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တရုတ် တိုက်ရေယာဉ် အုပ်စုရဲ့ လှုပ်ရှားမှုကို ထိုင်ဝမ်စစ်တပ်က အထူးသတိထား စောင့်ကြည့်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်ကတော့ ထိုင်ဝမ်ရေလက်ကြားမှာ ဖူကျန်း လေယာဉ်တင်သင်္ဘော ဖြတ်သန်းခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
တရုတ်ရေတပ်ရဲ့ အစောပိုင်း တည်ဆောက်တဲ့ လျောင်နင်းနဲ့ ရှန်ဒေါင်း လေယာဉ်တင် သင်္ဘောတွေထက် ဖူကျန်းက ပိုမိုကြီးမားသလို ပိုပြီး ခေတ်မီတဲ့ လွှတ်တင်မှု စနစ် အသစ်တွေကိုပါ အသုံးပြုထားပါတယ်။ ဒါ့အပြင် အရင်နှစ်စီးနဲ့ ယှဉ်ရင် ဖူကျန်းဟာ ပိုပြီးအမျိုးအစား စုံလင်တဲ့ လေယာဉ်တွေကို အရေအတွက်အားဖြင့်လည်း ပိုပြီးများအောင် တင်ဆောင်နိုင်ပါတယ်။
ဖူကျန်းမှာ သမားရိုးကျ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေအပြင် တရုတ်ရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘော အခြေစိုက် ကိုယ်ပျောက် တိုက်လေယာဉ်တွေနဲ့ လေကြောင်း ကာကွယ်ရေး ကြိုတင် အချက်ပြပေးမယ့် လေယာဉ်တွေပါ အခြေစိုက်နိုင်ကြောင်း သိရပါတယ်။
ကိုးကား: Reuters

















































