ဆစ်ဒနီမြို့က ဘွန်ဒီကမ်းခြေမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအပြီး အမုန်းစကား ဖြန့်ဝေမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်သွားမယ်လို့ ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်က ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့က ဘွန်ဒီကမ်းခြေမှာ ဂျူးရိုးရာ ပွဲတော်တစ်ခု ကျင်းပနေတဲ့အချိန် သေနတ်သမား သားအဖ နှစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၅ ဦး သေဆုံးပြီး ၃၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမားတွေထဲက အသက် ၅၀ အရွယ် ဖခင်လည်း သေဆုံးခဲ့ပြီး အသက် ၂၄ နှစ်အရွယ် သားဖြစ်သူကတော့ ဒဏ်ရာအပြင်းအထန်နဲ့ အဖမ်းခံခဲ့ရပါတယ်။
အဲဒီပစ်ခတ်မှုဟာ ဂျူးမုန်းတီးရေးကို အခြေခံတဲ့ အကြမ်းဖက် တိုက်ခိုက်မှုလို့ ဩစတြေးလျ အစိုးရက ကြေညာခဲ့ပါတယ်။ ဒီလို ဖြစ်ရပ်တွေကို တားဆီးဖို့အတွက် ဥပဒေ စည်းမျဉ်းသစ်တွေကို တင်းတင်းကျပ်ကျပ် သတ်မှတ်သွားမယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အယ်လ်ဘန်နိစ်က မြို့တော် ကင်ဘာရာမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဥပဒေသစ်တွေဟာ အမုန်းစကား၊ အစွန်းရောက်ဝါဒနဲ့ သွေးခွဲမှုတွေ ဖြန့်ဝေနေတဲ့ လုပ်ရပ်တိုင်းကို ပစ်မှတ်ထား ချိုးနှိမ်သွားမယ်လို့ သူက ဆိုပါတယ်။

Public Service Announcement
အမုန်းတရား ဖြန့်ဝေမှုတွေကို တုံ့ပြန် ကိုင်တွယ်ခွင့်နဲ့ ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာန အနေနဲ့ အခွင့်အာဏာတွေ ပိုမိုရရှိလာမှာ ဖြစ်သလို အမုန်းစကား ဖြန့်ဝေမှု နောက်ကြောင်းရာဇဝင် ရှိသူတွေကို ဩစတြေးလျက ပြည်ဝင်ခွင့် ပေးတော့မှာ မဟုတ်ကြောင်း ဝန်ကြီးချုပ်က အတည်ပြုပါတယ်။ နောက်ပြီး ဩစတြေးလျရဲ့ ပညာရေးစနစ်မှာ ဂျူးဆန့်ကျင်ရေး ဝါဒတွေ ပါဝင်မလာတာ သေချာအောင် စောင့်ကြည့်ဖို့၊ တားဆီးဖို့၊ တိုက်ဖျက်ဖို့ အထူးယူနစ် တစ်ခုကိုလည်း ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။
ဩစတြေးလျ ဂျူးအားလုံးဟာလည်း နိုင်ငံရဲ့ ကောင်းကျိုး တည်ဆောက်မှုမှာ ပါဝင်ပေးခဲ့ကြတာကြောင့် လုံခြုံမှု၊ တန်ဖိုးထားခံရမှု၊ လေးစားခံရမှုတွေကို အားလုံးနဲ့တန်းတူ ရရှိနေရမှာ ဖြစ်တယ်လို့ အယ်လ်ဘန်နိစ်က ပြောကြားသွားပါတယ်။
ဂါဇာစစ်ပွဲ စတင်လာချိန် ကတည်းက ဂျူးမုန်းတီးရေး ဝါဒတွေ ပိုမိုကြီးထွားလာပေမယ့် ဂျူးလူ့အဖွဲ့အစည်းကို ကာကွယ်ဖို့ သူ့အစိုးရက ထိထိရောက်ရောက် အားမထုတ်ခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်တွေကို သတိပြုမိကြောင်းလည်း အယ်လ်ဘန်နိစ်က ဝန်ခံခဲ့ပြီး ဒီထက်ပိုကောင်းအောင် ကြိုးစားသွားမယ်လို့ ကတိပေးသွားခဲ့ပါတယ်။
ဩစတြေးလျ ဝန်ကြီးချုပ် အနေနဲ့ နိုင်ငံရဲ့ ဂျူးအသိုက်အဝန်းကို ကာကွယ်ဖို့ဟာ သူ့ရဲ့ တာဝန် တစ်စိတ်တပိုင်း ဖြစ်ကြောင်း၊ ဒါပေမဲ့ သူပိုပြီး အလေးထားတာက ဩစတြေးလျကို စည်းလုံးညီညွတ်တဲ့ နိုင်ငံတစ်ခု အနေနဲ့ ဦးဆောင်ဖို့ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ပြည်သူတွေရဲ့ လိုလားမှုဟာ နောက်ထပ် သွေးကွဲမှုတွေကို ရှောင်လွှဲနိုင်စေရေးဖြစ်ကြောင်း အယ်လ်ဘန်နိစ်က ပြောကြားသွားပါတယ်။
ကိုးကား: BBC




















































