နိုင်ငံ ကိုယ်စားပြု အလှမယ်ဟောင်းနဲ့ လွှတ်တော် အမတ်တချို့ရဲ့ လူမျိုးရေးခွဲခြားတဲ့ အပြုအမူနဲ့ ပတ်သက်လို့ ဖင်လန် ဝန်ကြီးချုပ်က အာရှနိုင်ငံတွေကို တောင်းပန်ခဲ့ပါတယ်။
အခုနှစ် ဖင်လန်နိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ် ခံထားရသူ ဆာရာ ဒီဇက်ဖ်ဆီက လဆန်းပိုင်းလောက်တုန်းက လူမှုကွန်ရက်ပေါ်မှာ ပြဿနာ ဖြစ်စေမယ့် ဓာတ်ပုံတစ်ခု တင်ခဲ့ရာက ပြဿနာတွေ စတင်လာခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံမှာတော့ ဒီဇက်ဖ်ဆီက သူ့မျက်လုံးတွေကို မှေးနေအောင် မျက်လုံးအစွန်းနားတွေကို လက်နဲ့ ဆွဲထားခဲ့ပြီး ‘တရုတ်တစ်ယောက်နဲ့ စားသောက်နေတာ’ဆိုတဲ့ အညွှန်းစာကို ရေးထားခဲ့ပါတယ်။
ဒါဟာ လူမျိုးရေး ခွဲခြားစော်ကားတဲ့ အဓိပ္ပါယ်မျိုး ဖြစ်နေတာကြောင့် ဝေဖန်မှုတွေ အများအပြား ရှိလာခဲ့ပြီး ဒီဇက်ဖ်ဆီကလည်း ပုံကို ပြန်ဖျက်ခဲ့ပါတယ်။ ပြီးတော့ အသက် ၂၂ နှစ်အရွယ် အလှမယ်ဟာ နောက်ပိုင်းမှာ သူ့လုပ်ရပ်အတွက် ပြန်တောင်းပန်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ သူဟာ ဖင်လန်နိုင်ငံ ကိုယ်စားပြု အလှမယ် အဖြစ်ကနေ ဖယ်ရှားခံလိုက်ရပါတယ်။ ဒီအခါ ဒီဇက်ဖ်ဆီကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ လက်ယာစွန်း အမျိုးသားရေး ဝါဒီ ဖင်းစ်ပါတီရဲ့ အမတ်တချို့ကလည်း အလှမယ် လုပ်ခဲ့တဲ့ ကိုယ်အမူအယာအတိုင်း ဓာတ်ပုံတွေရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့ကြပါတယ်။

Public Service Announcement
ဖင်းစ်ပါတီဟာ ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင် ၄ ပါတီထဲမှာ ပါဝင်နေတာကြောင့် ဝန်ကြီးချုပ် ပက်တာရီ အော်ပိုက အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရှေ့အာရှ နိုင်ငံတွေဆီ တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလုပ်ရပ်မျိုးတွေဟာ ဖင်လန်နိုင်ငံက ကိုင်ဆွဲထားတဲ့ သာတူညီမျှရှိမှု၊ ပေါင်းစည်းမှု စံနှုန်းတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်လို့ အော်ပိုက ပြောကြားခဲ့ကြောင်း ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ဖင်လန် သံရုံးတွေက ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဖင်လန် လူ့အဖွဲ့အစည်းမှာ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေအတွက် နေရာမရှိဘူးလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ ဖင်လန်ပြည်သူတွေနဲ့ ပြည်ပက မိတ်ဆွေတွေအတွက် သူပေးပို့ချင်တဲ့ ရှင်းလင်းတိကျတဲ့ သတင်းစကားကတော့ ဖင်လန် အစိုးရဟာ လူမျိုးရေး ခွဲခြားမှုတွေနဲ့ ပတ်သက်ရင် လေးလေးနက်နက် သဘောထားပြီး ဆန့်ကျင် ရပ်တည်နေတယ် ဆိုတာပဲဖြစ်ကြောင်းလည်း အော်ပိုရဲ့ တောင်းပန်စာထဲမှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်လောက်မှာတော့ အလှမယ် ဒီဇက်ဖ်ဆီကလည်း သူ့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး Instagramမှာ တောင်းပန်ခဲ့ပါတယ်။
သူလေးစားလိုက်နာရမယ့် အရေးအကြီးဆုံး တာဝန်တစ်ခုက လူတိုင်းရဲ့ နောက်ခံ အခြေအနေတွေနဲ့ မတူကွဲပြားမှုတွေကို လေးစားဖို့ ဖြစ်ကြောင်း၊ သူ့အမှားကို သူတာဝန်ယူပြီး ဒီကိစ္စကနေ သင်ခန်းစာ ယူသွားမှာဖြစ်ကြောင်း ဒီဇက်ဖ်ဆီက ရေးသားထားခဲ့ပါတယ်။
ဒါပေမဲ့လည်း ဖင်လန်နိုင်ငံရဲ့ အလှမယ် ရွေးချယ်ရေး အဖွဲ့ဟာ ဒီကိစ္စကို အကြောင်းပြုပြီး ဒီဇက်ဖ်ဆီရဲ့ အလှမယ် သရဖူကို ရုပ်သိမ်းခဲ့ပါတယ်။ ဒီဇက်ဖ်ဆီ အနေနဲ့ ပြန်တောင်းပန်ခဲ့တဲ့တိုင် သူ့ရဲ့ လုပ်ရပ်ဟာ သူတစ်ပါးကို ထိခိုက်စေပြီး ဖင်လန် အလှမယ် တစ်ဦးရဲ့ စံတန်ဖိုးတွေကို ထိခိုက်စေခဲ့ကြောင်းလည်း ရွေးချယ်ရေး အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီဇက်ဖ်ဆီကို ထောက်ခံပြီး သူ့ဓာတ်ပုံလိုမျိုး တုပပြီး တင်ခဲ့ကြတဲ့ လွှတ်တော် အမတ်တွေထဲက ဂျူဟို အီရိုလာကတော့ ဂျပန် သတင်းစာ အဆာဟိ ရှင်ဘွမ်းနဲ့ အင်တာဗျူးမှာ သူ့အပြုအမူက အာရှပြည်သူတွေအပေါ် ထိခိုက်စေခဲ့တဲ့အတွက် ပြန်တောင်းပန်ထားပါတယ်။
ပါတီဝင်တွေရဲ့ အငြင်းပွားစရာ လုပ်ရပ်နဲ့ ပတ်သက်ပြီး ဖင်းစ်ပါတီကလည်း လာမယ့် သီတင်းပတ် အပတ်စဉ် အစည်းအဝေးကျရင် ဘယ်လို အရေးယူကိုင်တွယ်မလဲ ဆိုတာကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ကိုးကား: NBC


















































