ပါးစပ်ကို လက်နဲ့ကွယ်ပြီး စကားပြောဆိုမိလို့ အနီကတ်ပြ ထုတ်ပယ်ခံရတဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် ပါရာဂွေး အသင်းရဲ့ မီဂွယ် အယ်လ်မီရွန်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် အယ်လ်မီရွန်ဟာ ကမ္ဘာ့ဖလား ပွဲစဉ်အဖြစ် တူရကီနဲ့ ယှဉ်ပြိုင်ချိန်မှာ ပါးစပ်ကို လက်နဲ့ကွယ်ပြီး ပြိုင်ဘက် ကစားသမားကို တစ်ခုခု လှမ်းပြောခဲ့တဲ့အတွက် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒိုင်ဟာ ဖြစ်စဉ်ကို ဗီဒီယို မှတ်တမ်းနဲ့ ပြန်လည် စစ်ဆေးခဲ့တဲ့နောက် အယ်လ်မီရွန်ကို အနီကတ် ပြသခဲ့တာပါ။
ဒါဟာ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေမှာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က သတ်မှတ်ထားတဲ့ စည်းမျဉ်း အသစ်ကို အခြေပြုပြီး ပထမဆုံး အရေးယူ အပြစ်ပေးမှုလည်း ဖြစ်လာပါတယ်။ ဖီဖာဟာ ပြိုင်ဘက်အသင်းတွေကြားမှာ ပါးစပ်ကို လက်နဲ့ကွယ်ပြီး စကားပြောရင် အနီကတ်ပြ ထုတ်ပယ်မယ်လို့ ကြေညာထားပါတယ်။ ဒါဟာ လူမျိုးရေး ခွဲခြားမှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ် သတ်မှတ်ထားတဲ့ စည်းမျဉ်း အသစ်ဖြစ်ပြီး ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် စတင် မိတ်ဆက် ကျင့်သုံးခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်များ ဘုတ်အဖွဲ့ဟာ အဲဒီ စည်းမျဉ်းကို အတည်ပြုခဲ့ပြီး ဖီဖာက လက်တွေ့ ကျင့်သုံးလာတာ ဖြစ်ပါတယ်။ စည်းမျဉ်းအရ ပြိုင်ဘက် ကစားသမား တစ်ယောက်ယောက်နဲ့ စကားအခြေအတင် ဖြစ်နေရင်း ပါးစပ်ကို လက်၊ လက်မောင်း၊ အင်္ကျီစတဲ့ တစ်ခုခုနဲ့ အုပ်လိုက်ရင် ကွင်းလယ်ဒိုင်က တိုက်ရိုက် အနီကတ် ပြသမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ဖက် စကားသမားတွေ အချင်းချင်း ရင်းရင်းနှီးနှီး ပြောဆိုနေရင်း ပါးစပ်ကို ကွယ်လိုက်တာမျိုးကတော့ ပြစ်မှု မမြောက်ပါဘူး။

Public Service Announcement
ဒီစည်းမျဉ်းဟာ ဖေဖော်ဝါရီ လလယ်တုန်းက ဥရောပ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာတို့ ယှဉ်ပြိုင်ရင်း ပေါ်ပေါက်ခဲ့တဲ့ အငြင်းပွားစရာ တစ်ခုကို အခြေခံပြီး ပေါ်ပေါက်လာတာပါ။ ဘင်ဖီကာ ကစားသမား ဂီယန်လူကာ ပရက်စတီယန်နီဟာ ပါးစပ်ကို အင်္ကျီနဲ့ ကွယ်ပြီး ရီးရဲလ် ကစားသမား ဗင်နီရှပ်စ် ဂျူနီယာကို တစ်ခုခု လှမ်းပြောခဲ့ပါတယ်။ ဗင်နီရှပ်စ်က သူဟာ လူမျိုးရေးခွဲခြား စော်ကားတာ ခံခဲ့ရတယ်လို့ စွပ်စွဲခဲ့ပေမယ့် တိတိကျကျတော့ သက်သေ မပြနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ပြိုင်ဘက်တွေကြား စကားများနေတဲ့ အချိန်မျိုးမှာ ပါးစပ်ကို လက်နဲ့ကွယ်တာမျိုး ခွင့်မပြုဖို့ စည်းမျဉ်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
အယ်လ်မီရွန်ဟာ ပထမပိုင်း ပြီးခါနီး အချိန်လောက်မှာ အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရတာပါ။ သူဟာ တူရကီ ကစားသမားတွေကို တစ်ခုခု စော်ကားပုတ်ခတ် ပြောဆိုခဲ့ပါတယ်ဆိုတဲ့ အထောက်အထားတော့ တိတိကျကျ မရှိပါဘူး။ သူဟာ ပြဿနာ ဖြစ်ထားတဲ့ တူရကီ ကစားသမား မတ်မူလ်ဒူကို စကားပြောချိန်မှာ ပါးစပ်ကို လက်နဲ့ ကွယ်ခဲ့မိတာ ဖြစ်ပါတယ်။ ဖီဖာရဲ့ စည်းမျဉ်းအသစ်ကို သတိရသွားတဲ့ မူလ်ဒူက ဒီအကြောင်းကို ဒိုင်ဆီ အကြောင်းကြားခဲ့ပါတယ်။
ဗီဒီယို မှတ်တမ်းကို ပြန်ကြည့်ပြီးတဲ့နောက် အယ်လ်ဆာဗေးဒိုး ကွင်းလယ်ဒိုင် အိုင်ဗန် ဘာတန်အနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း အယ်လ်မီရွန်ကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ပါရာဂွေးဟာ ဒုတိယပိုင်း တစ်ပိုင်းလုံး တစ်ယောက်လျော့ အနေအထားနဲ့ ကစားခဲ့ရပေမယ့်လည်း အယ်လ်မီရွန် အထုတ်မခံရခင် ရရှိထားတဲ့ သွင်းဂိုးကို ထိန်းသိမ်းနိုင်ခဲ့ပြီး ပွဲအပြီးမှာ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။
ဒီရလာဘ်ကြောင့် တူရကီဟာ ၂ ပွဲကစား ၂ ပွဲလုံးရှုံးပြီး အုပ်စုကပြုတ်သလောက်နီးပါဖြစ်သွားခဲ့ပါတယ် ။လက်ရှိ အမေရီကန်က ၂ ပွဲကန် ၂ ပွဲလုံးနိုင်ပြီး ရှုံးထွက် ၃၂ သင်းအဆင့်ကိုတက်ရောက်သွားပါပြီ ။ ပါရာဂွေးနဲ့ သြစတြေးလျတို့က တစ်ပွဲ နိုင် တစ်ပွဲရှုံးနဲ့ ၃ မှတ်စီရထားပြီး နောက်ဆုံးပွဲစဥ်မှာထိပ်တိုက်ဆုံကြမှာပါ ။
ဒါကြောင့် တူရကီတို့အတွက်တော့အုပ်စုနောက်ဆုံးပွဲမှာ ဇယားထိပ်က အမေရီကန် အသင်းကို အနိုင်ရခဲ့ရင်တောင်၃ မှတ်ပဲရမှာမို့ အုပ်စုတတိယရဖို့မျှော်လင့်ချက်တောင်ခပ်မှိန်မှိန်လေးပဲရှိပါတယ် ။ သြစတြေးလျ နဲ့ ပါရဂွေးပွဲမှာ အနိုင်အရှုံးမပေါ်ပဲ သရေဆိုရင် ၄ မှတ်စီရသွားမှာမို့ တူရကီ နိုင်လည်းအုပ်စုနောက်ဆုံးပဲဖြစ်သွားမှာပါ ။
အုပ်စုဒုတိယပွဲစဥ်တွေစတင်ယှဥ်ပြိုင်နေရာမှာ အခြားအိမ်ရှင်ဖြစ်တဲ့ မက္ကဆီကို အသင်းကလည်း ၂ ပွဲကန် ၂ပွဲလုံးနိုင်ပြီး ရှုံးထွက် ၃၂ သင်းအဆင့်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့ပါတယ်။ကျန်အိမ်ရှင် ကနေဒါကလည်း တစ်ပွဲနိုင် ၊တစ်ပွဲသရေ သွင်းဂိုးအသာနဲ့ အုပ်စုထိပ်မှာ ၄ မှတ်နဲ့ဦးဆောင်ပြီး နောက်တစ်ဆင့်တက်ဖို့အလွန်အခြေအနေကောင်းနေပါတယ်။
ကိုးကား: BBC


















































