ကျောင်းသား သပိတ် ခေါင်းဆောင်ဟောင်းတစ်ဦး လုပ်ကြံခံရပြီး သေဆုံးခဲ့ရတဲ့နောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒါကာမြို့တော်မှာ ဆူပူ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် ရှာရစ်ဖ် အော့စ်မန် ဟာဒီဟာ ၂၀၂၄ ခုနှစ်တုန်းက ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ အစိုးရကို ပြုတ်ကျသွားစေခဲ့တဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုမှာ အဓိက ခေါင်းဆောင်ခဲ့သူ တစ်ဦးပါ။
သူဟာ လုပ်ကြံဖို့ အားထုတ်မှု တစ်ခုမှာ ဒဏ်ရာရခဲ့ပြီး စင်ကာပူနိုင်ငံမှာ ဆေးရုံတင်ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဟာဒီ သေဆုံးကြောင်း သတင်းကို ကြားသိရတဲ့နောက် ဒီဇင်ဘာ ၁၉ ရက်နေ့က ဒါကာမှာ ဆူပူ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ပြည်တွင်းမှာ လူသိများတဲ့ သတင်းစာတိုက် နှစ်ခု အပါအဝင် အဆောက်အအုံတချို့ မီးတင်ရှို့ ခံခဲ့ရပါတယ်။ မီးလောင်မှုအတွင်း ဝန်ထမ်းတွေလည်း အဆောက်အအုံထဲမှာ ပိတ်မိနေတာကြောင့် ကူညီ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဟာဒီဟာ လာမယ့်နှစ်၊ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ စီစဉ်ထားသူပါ။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာတော့ သူဟာ ဒါကာမှာရှိတဲ့ ဗလီတစ်ခုကနေ အထွက်မှာ မျက်နှာဖုံးစွပ် သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရပြီး အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။ သူ့ကို လေကြောင်းကနေ စင်ကာပူကို ပို့ဆောင်ပြီး ဆေးရုံတင်ခဲ့ပေမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Public Service Announcement
ဟာဒီ သေဆုံးပြီးတဲ့နောက် ဒါကာမှာတင် မကဘဲ ဘင်္ဂလားဒေ့ရှ်ရဲ့ တခြားမြို့ကြီး တချို့မှာပါ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါကာမှာတော့ အိန္ဒိယနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ စွပ်စွဲခံရတဲ့ သတင်းစာတိုက် နှစ်ခုကိုပါ ဆန္ဒပြသူတွေက ပစ်မှတ်ထား တိုက်ခိုက်ပြီး မီးရှို့ခဲ့ကြပါတယ်။ အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို လက်ခံထားတဲ့ နိုင်ငံပါ။
Daily Star သတင်းစာရဲ့ သတင်းထောက် ဇိုင်မာ အစ္စလာမ်က မီးရှို့မှုတွေ ဖြစ်တဲ့အချိန် သူဟာ အဆောက်အအုံထဲမှာ ပိတ်မိနေခဲ့တယ်လို့ ပြောပါတယ်။ Daily Star သတင်းစာတိုက်က မီးကို ငြှိမ်းသတ်နိုင်ခဲ့တဲ့တိုင် ဝန်ထမ်း ၂၇ ဦးလောက်က ပိတ်မိနေသေးတယ်လို့ မီးသတ်တွေက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ အိန္ဒိယ ဒုတိယ သံအမတ်ကြီး နေအိမ်ရှေ့မှာလည်း လူတွေ ရာနဲ့ချီ စုဝေးပြီး ထိုင်သပိတ် ဆင်နွှဲဖို့ ပြင်ဆင်ခဲ့ပေမယ့် ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ပြီး လူစုခွဲစေခဲ့ပါတယ်။ ဒါကာမှာ အရေးပါတဲ့ အဝေးပြေး လမ်းမတစ်ခုကိုလည်း ဆန္ဒပြသူတွေက ပိတ်ဆို့ဖို့ အားထုတ်ခဲ့ပါသေးတယ်။
ဟာဆီနာ အစိုးရ ပြုတ်ကျပြီးတဲ့နောက် နိုင်ငံကို ယာယီ ဦးဆောင်နေတဲ့ ကြားကာလ အစိုးရ အကြီးအကဲ မူဟာမက် ယူနွတ်စ်က ဟာဒီ သေဆုံးမှု သတင်းကို ကြေညာခဲ့ပြီး နိုင်ငံအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှု တစ်ခုလို့ ပြောကြားသွားပါတယ်။
ဆာဒီဟာ အင်ကီလက်ဘ် မန်ချာဆိုတဲ့ ကျောင်းသား လှုပ်ရှားမှု တစ်ခုရဲ့ အဓိက သပိတ်ခေါင်းဆောင် တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ဟာဆီနာကို လက်ခံထားတဲ့ အိန္ဒိယ အစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ ရှိပါတယ်။
သူ့ကို ပစ်သတ်သွားသူတွေကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပြီး အဓိက သံသယရှိသူ နှစ်ဦးရဲ့ ဓာတ်ပုံတွေကိုလည်း ထုတ်ပြန်ထားကြောင်း သိရပါတယ်။
ကိုးကား Guardian





















































