Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စပိန်မှာ အမြန်ရထားနှစ်စီး တိုက်မိမှုကြောင့် ၂၁ ဦးသေ

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စီး တိုက်မိမှုကြောင့် အနည်းဆုံး ၂၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

စပိန်နိုင်ငံမှာ အမြန်ရထားနှစ်စီး တိုက်မိမှုကြောင့် အနည်းဆုံး ၂၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက် ညပိုင်းက စပိန်တောင်ပိုင်း၊ အဒါမွတ်ဇ် မြို့နားမှာ ဖြစ်ပွားခဲ့တဲ့ ရထား မတော်တဆမှုကြောင့် ဒဏ်ရာရသူ ၇၃ ဦးထက်မနည်း ရှိခဲ့ပြီး ၃၀ ကျော်လောက်က အခြေအနေ အရမ်းဆိုးတယ်လို့ သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး အော်စကာ ပူယန်တေးက ပြောပါတယ်။

အာဏာပိုင်တွေက သေဆုံးစာရင်းဟာ လာမယ့်ရက်ပိုင်းမှာ ထပ်တိုးလာနိုင်ခြေ ရှိနေဆဲလို့လည်း မှတ်ချက် ပေးထားပါတယ်။ ဖြစ်စဉ်ကတော့ မာလာဂါမြို့ကနေ စပိန်ရဲ့မြို့တော် မက်ဒရစ်ဆီ ဦးတည် ခုတ်မောင်းလာခဲ့တဲ့ အမြန် ရထားဟာ သံလမ်းကနေ ချော်ထွက်ပြီး အပြိုင်နေရာမှာ ရှိနေတဲ့ သံလမ်းဆီ ရောက်သွားခဲ့ပါတယ်။

အဲဒီနောက် တစ်ဖက် လမ်းကြောအတိုင်း မက်ဒရစ်ကနေ ဟူလ်ဗာမြို့ဆီ ဦးတည် မောင်းနှင်နေခဲ့တဲ့ တခြား ခရီးသည်တင် ရထားကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရထားလမ်းချော်ခဲ့တဲ့ အပိုင်းဟာ သံလမ်းကို အဖြောင့်အတိုင်း ဖောက်လုပ်ထားပြီး အကွေ့နေရာ မဟုတ်ကြောင်း၊ ဒီဖြစ်ရပ်မျိုးက အရမ်းထူးဆန်းနေကြောင်း ဝန်ကြီး ပူယန်တေးက ဆိုပါတယ်။ ပြီးတော့ ရထားလမ်းကို ပြီးခဲ့တဲ့နှစ် မေလကမှ ပြန်လည် ပြင်ဆင် မွမ်းမံမှုတွေ လုပ်ထားခဲ့တာ ဖြစ်ပါတယ်။

ရထားက ဘာကြောင့် သံလမ်းပေါ်က ချော်ထွက်သွားခဲ့သလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဖြစ်စဉ်ကို အဖြေရှာဖို့ အနည်းဆုံး တစ်လလောက် အချိန်ယူရနိုင်ကြောင်းလည်း စုံထောက်တွေက ဆိုပါတယ်။

စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်ကတော့ သတင်းဆိုးကို ကြားရတဲ့နောက် တစ်နိုင်ငံလုံးဟာ နာကျင်စရာ တစ်ညတာကို ဖြတ်သန်းခဲ့ရတယ်လို့ ပြောပါတယ်။

လမ်းချော်ခဲ့တဲ့ ရထားကို Iroy ပုဂ္ဂလိက ရထားပို့ဆောင်ရေး ကုမ္ပဏီက ပိုင်ဆိုင်ပြီး ခရီးသည် ၃၀၀ ကျော် တင်ဆောင်လာခဲ့သလို အတိုက်ခံရတဲ့ ရထားကတော့ Renfe ကုမ္ပဏီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး ခရီးသည် ၁၀၀ ဝန်းကျင် လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။

အဒါမွတ်ဇ် မြို့တော်ဝန် ရာဖေးလ် မိုရီနိုဟာ အခင်းဖြစ်ရာ နေရာကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့နောက် တကယ့် အိပ်မက်ဆိုးကြီး တစ်ခုလို့ မှတ်ချက်ပေးခဲ့ပါတယ်။ တချို့ ရထားတွဲတွေရဲ့ ကိုယ်ထည်ဟာ တွန့်လိမ် ကွေးကောက်သွားတဲ့အတွက် ပိတ်မိနေတဲ့ ဒဏ်ရာရသူတွေနဲ့ အလောင်းတွေကို ဆွဲထုတ်ဖို့ ခက်ခဲနေခဲ့ကြောင်းလည်း ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

အခုဖြစ်စဉ် အပြီးမှာတော့ မက်ဒရစ်နဲ့ အန်ဒါလူရှားဒေသကြား ပြေးဆွဲသမျှ ရထားခရီးစဉ် အားလုံးကို နောက်ထပ် တစ်ရက်အကြာထိ ယာယီ ရပ်ဆိုင်းထားဖို့လည်း ညွှန်ကြားထားလိုက်ကြောင်း သိရပါတယ်။

ရထားချင်းတိုက်မှုမှာ ပါဝင်ခဲ့တဲ့ ရထားတစ်စီးဟာ Freccia 1000 အမျိုးအစားဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၄၀၀ လောက်ထိ ခုတ်မောင်းနိုင်စွမ်း ရှိတယ်လို့လည်း သိရပါတယ်။

စပိန်ဟာ နိုင်ငံသမိုင်းမှာ အဆိုးဆုံး အမြန်ရထား လမ်းချော်မှု ဖြစ်စဉ်တစ်ခုကို ၂၀၁၃ ခုနှစ်တုန်းက ကြုံတွေ့ခဲ့ဖူးပြီး ဂါလီစီယာနားမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကြောင့် လူ ၈၀ သေပြီး ၁၄၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာချန်ပီယံဆုအတွက်ရေပန်းအစားဆုံဟဲဗီးဝိတ်အသင်းတစ်သင်းဖြစ်တဲ့စပိန်ကိုသရေကစားခဲ့တဲ့လူသစ်တန်းနိုင်ငံငယ်လေးကိပ်ဗာဒီကသရေကစားခဲ့တဲ့နောက်အဲဒီပွဲမှာသူရဲကောင်းဖြစ်ခဲ့သူဂိုးသမားဗိုဇင်ဟာရဲ့ Instagram အကောင့်မှာfollowerအရေအတွက်ကသန်းနဲ့ချီရုတ်တ ရက်တိုးပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေကို တရားဝင် နေထိုင်ရေး အသိအမှတ်ပြုမယ့် အစီအစဉ် တစ်ခုကို စပိန်အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

စပိန်မှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ ရထားနှစ်စီး တိုက်မှုကြီးဟာ ရထားသံလမ်းရဲ့ ကြံ့ခိုင်မှု ပြဿနာကြောင့် ဖြစ်နိုင်ကြောင်း ကနဦး စစ်ဆေး တွေ့ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

စပိန်မှာ နှစ်ရက်အတွင်း ဆိုးရွားတဲ့ ဒုတိယမြောက် ရထား မတော်တဆမှု ဖြစ်ပွားခဲ့ပြီး စက်ခေါင်းမောင်းသူ သေဆုံးခဲ့သလို ၅ ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။