ဆိုမာလီယာမှာ ခရီးသည်တင် လေယာဉ်တစ်စီးဟာ စက်ချွတ်ယွင်းနေတဲ့အချိန် ပင်လယ်ကမ်းစပ် သဲသောင်ပြင် တစ်နေရာမှာ အရေးပေါ် ဆင်းသက်ခဲ့ပါတယ်။
နိုင်ငံရဲ့ မြို့တော် ဆိုမာလီယာမှာရှိတဲ့ နိုင်ငံတကာ လေဆိပ်နားက ကမ်းရိုးတန်းမှာ လေယာဉ် ဆင်းသက်ခဲ့ပြီးတဲ့နောက် လိုက်ပါလာသူ ၅၅ ဦးစလုံး အသက်ရှင်ခဲ့ပါတယ်။ လေယာဉ်မှူးဟာလည်း သူရဲကောင်း တစ်ဦးအဖြစ် လေကြောင်းလိုင်းရဲ့ ချီးကျူး ညွှန်းဆိုခြင်းကို ခံနေရပါတယ်။
Starsky Aviation လေကြောင်းလိုင်းကတော့ အရေးပေါ် ကြုံလာတဲ့ အခြေအနေမှာ လေယာဉ်မှူးရဲ့ လျင်လျင်မြန်မြန်နဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ခဲ့မှုက ခရီးသည် ၅၀ နဲ့ အမှုထမ်း ၅ ဦးရဲ့ အသက်ကို ကယ်တယ်နိုင်ခဲ့တယ်လို့ ကြေညာပါတယ်။
Fokker 50 အမျိုးအစား လေယာဉ်ဟာ မိုဂါဒစ်ရှူးကနေ ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းက ပျံတက်ခဲ့ပြီး မကြာခင်မှာပဲ စက်ချွတ်ယွင်းမှု ပြဿနာနဲ့ ကြုံခဲ့ပါတယ်။ ဒါကြောင့် လေယာဉ်ဟာ လေဆိပ်မှာ အရေးပေါ် ပြန်လည် ဆင်းသက်ဖို့ ခွင့်တောင်းခဲ့ပါတယ်။

Public Service Announcement
လေယာဉ်ဟာ လေယာဉ်ပြေးလမ်းပေါ် ရောက်ပြီးချိန်ထိ ရပ်တန့်လို့ မရဘဲ ပြေးလမ်းကို ကျော်ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် လေယာဉ်မှူးက လေယာဉ်ကို ဆက်လက် ထိန်းချုပ်ရင်း ကမ်းခြေနားမှာပဲ အရေးပေါ် ဆင်းသက်လိုက်ဖို့ ခပ်မြန်မြန် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။
လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာတော့ အိန္ဒိယ သမုဒ္ဒရာ ကမ်းစပ် သဲသောင်ပြင်မှာ လဲလျောင်းနေတဲ့ လေယာဉ်ပျက်ဆီကနေ ခရီးသည်တွေ လမ်းလျှောက်ပြီး ထွက်လာကြတာကို တွေ့ရပါတယ်။ ဒီဖြစ်စဉ်မှာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။
လေယာဉ်ဟာ ဘယ်လို စက်ချွတ်ယွင်းမှု ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ အာဖရိက သမဂ္ဂ (AU)ကတော့ လေယာဉ် ပျက်ကျတဲ့ သတင်းကို ကြားကြားချင်း မိုဂါဒစ်ရှူးမှာရှိတဲ့ AUနဲ့ ကုလသမဂ္ဂ (UN)တို့ရဲ့ တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ သွားရောက်ပူးပေါင်း ကူညီပေးခဲ့ကြောင်း ကြေညာပါတယ်။
ဆိုမာလီယာ အစိုးရရဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးလည်း အခင်းဖြစ်တဲ့ နေရာဆီ ကိုယ်တိုင် သွားရောက်ခဲ့ပါတယ်။ ခရီးသည်တွေနဲ့ အမှုထမ်းအားလုံး ဘေးကင်းတယ်ဆိုတာ အတည်ပြုနိုင်ကြောင်း၊ အရေးပေါ် ဆင်းသက်မှု ကြုံစေခဲ့တဲ့ လေယာဉ်ရဲ့ ပြဿနာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း Starsky Aviationရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဟာဆန် မိုဟာမက်က ဆိုပါတယ်။
သူက လေယာဉ်မှူးရဲ့ မြန်ဆန်မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာ လိုက်ပါလာသူ အားလုံးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်း၊ အရေးပေါ် အခြေအနေမှာ အခုလို ကိုင်တွယ်ခဲ့ပုံအတွက် လေယာဉ်မှူးကို ချီးကျူးရမှာဖြစ်ကြောင်းလည်း သူက ပြောကြားသွားပါတယ်။
ကိုးကား: BBC


















































