ဖေဖော်ဝါရီ – ၂၆ ၊၂၀၂၆
အမေရိကန်မှာ အမြင်အာရုံ ချွတ်ယွင်းနေတဲ့ ရိုဟင်ဂျာ အမျိုးသား တစ်ဦးကို နယ်စပ် လုံခြုံရေး အေးဂျင့်တွေက မိသားစုဆီ သေချာ မအပ်နှံဘဲ ပြန်လွှတ်ပေးခဲ့ရာက သေဆုံးသွားခဲ့ပါတယ်။
အသက် ၅၆ နှစ်အရွယ် နူရူလ် အမင်ရှားဟ်အလမ်ရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို နယူးယောက်ပြည်နယ်ရဲ့ ဘတ်ဖဲလိုမြို့မှာ ရှာတွေ့ခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့တုန်းက သူ့ကို အီရီခရိုင်မှာ ပြန်လွှတ်ပေးလိုက်ချိန် ကတည်းက ပျောက်ဆုံးနေခဲ့ပြီး နောက်တော့ အလောင်းကိုပဲ ပြန်တွေ့ခဲ့တာပါ။

Public Service Announcement
ရှားဟ်အလမ်ဟာ လုံးဝနီးပါး မျက်စိမမြင်သလို အင်္ဂလိပ်စကားလည်း မပြောတတ်ပါဘူး။ ၂၀၂၅ ခုနှစ်တုန်းက သူဟာ ရန်လိုတိုက်ခိုက်မှု၊ ပိုင်နက်ကျူးကျော်မှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ ဘတ်ဖဲလို ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
သူ့ရဲ့ ရှေ့နေကတော့ မမြင်မစမ်းနဲ့ လမ်းလျှောက်ရင်း အမျိုးသမီး တစ်ဦးရဲ့ နေအိမ် ဆင်ဝင်အောက်ကို ရောက်သွားခဲ့တာသာဖြစ်ပြီး လက်ထဲမှာ ကိုင်ထားတာကလည်း လမ်းလျှောက်တုတ်အဖြစ် အသုံးပြုတဲ့ လိုက်ကာချိတ်ဆွဲတဲ့ တုတ်တစ်ချောင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။
အမျိုးသမီးက အကြောင်းကြားတဲ့အခါ ရဲတွေ ရောက်လာပြီး ရှားဟ်အလမ်ကို လက်ထဲက တုတ်ကိုချဖို့ ပြောခဲ့ပေမယ့် အင်္ဂလိပ်စကား နားမလည်တဲ့ ရှားဟ်အလမ်က မလိုက်နာခဲ့ကြောင်း၊ အဲဒီနောက် ရဲတွေက သူ့ကို ရိုက်နှက်ပြီး ဖမ်းဆီးခဲ့သလို ကျင်စက်နဲ့ပါ ပစ်ဖမ်းခဲ့ကြောင်း ရှေ့နေက ဆိုပါတယ်။
သူ့ကို အီရင် ခရိုင်က အချုပ်ခန်းတစ်ခုမှာ မနှစ်က ထိန်းသိမ်းထားခဲ့ပြီး နောက်တော့ အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။
ရဲတွေကရှားဟ်အလမ်ကိုနယ်စပ် လုံခြုံရေး အေးဂျင့်တွေလက်ထဲ လွှဲပြောင်းပေးခဲ့တဲ့နောက် သူတို့က အိမ်ပြန်ပို့ပေးရမယ့်အစား နေအိမ်နဲ့ ငါး မိုင်လောက် အကွာမှာ လွှတ်ပေးခဲ့တယ်လို့ Investigative Post သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဘတ်ဖဲလို မြို့တော်ခန်းမ ပြောရေးဆိုခွင့်ရ အရာရှိ အီယန်အော့တ်က အခုအခါ အဲဒီ လူသေမှုနဲ့ ပတ်သက်လို့ စုံထောက်တွေက အတိအကျ သိနိုင်ဖို့၊ ဘယ်အချိန်မှာ ရှားဟ်အလမ် သေဆုံးခဲ့သလဲ ဆိုတာကို ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးနေကြောင်း Investigative Postကို ပြောကြားခဲ့ပါတယ်။
သူ့ကို လွှတ်ပေးခဲ့ချိန်မှာ နယ်စပ် လုံခြုံရေး အေးဂျင့်တွေက မိသားစုကိုရော၊ ရှေ့နေဆီကိုပါ အကြောင်းမကြားခဲ့ပါဘူး။ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ Guardian သတင်းဌာနက နယ်စပ် လုံခြုံရေး အေဂျင်စီရဲ့ မိခင်ဌာနဖြစ်တဲ့ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး ဌာနဆီ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။
ရှားဟ်အလမ်ဟာ အမေရိကန် ပြည်ထောင်စု ၊ ဘတ်ဖဲလိုမြို့ဆီ လွန်ခဲ့တဲ့ ၁၅ လက ရောက်ရှိလာခဲ့တာလို့ သိရပါတယ်။ သူကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားနှစ်ဦး ကျန်ခဲ့ပါတယ်။
ကိုးကား – Guardian ၊ဓာတ်ပုံ -Buffalo Police


















































