Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန်-ပါကစ္စတန် ပဋိပက္ခ အဆုံးသတ်စေဖို့ ဆော်ဒီနဲ့ ကာတာ ကြားဝင်စေ့စပ်ပေးနေ

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြားက စစ်ရေးပဋိပက္ခကို ပိုပြီး ဆိုးမလာခင် ကြားဝင် ညှိနှိုင်း တားဆီးပေးဖို့ အာရပ်နိုင်ငံ နှစ်ခုက အပူတပြင်း ကြိုးစားနေပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြားက စစ်ရေးပဋိပက္ခကို ပိုပြီး ဆိုးမလာခင် ကြားဝင် ညှိနှိုင်း တားဆီးပေးဖို့ အာရပ်နိုင်ငံ နှစ်ခုက အပူတပြင်း ကြိုးစားနေပါတယ်။

ကာတာနဲ့ ဆော်ဒီအာရေးဘီးယား အစိုးရတွေဟာ အခုသီတင်းပတ်ထဲမှာ အရှိန်မြင့်လာတဲ့ အာဖဂန်-ပါကစ္စတန် ပြဿနာကို လျှော့ချပေးဖို့ ကြားဝင် စေ့စပ်ပေးနေပါတယ်။ စစ်သွေးကြွတွေကို လက်ခံပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဖဂန် ပိုင်နက်ထဲမှာ ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာက နောက်ဆက်တွဲ အပြန်အလှန် လက်တုံ့ပြန်မှုတွေ ဆက်တိုက် ဖြစ်လာပြီး အခြေအနေတွေက ဆူပွက်လာခဲ့တာပါ။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာတော့ စစ်ရေးပဋိပက္ခဟာ နယ်စပ်တဝိုက်မှာ မဟုတ်တော့ဘဲ မြို့ကြီးတချို့ကိုပါ ကူးစက်လာခဲ့ပါတယ်။ အာဖဂန်ရဲ့ မြို့တော် ကဘူးလ်ဟာလည်း ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကြုံခဲ့တယ်လို့ နိုင်ငံကို အုပ်ချုပ်နေတဲ့ အာဖဂန် တာလီဘန် အဖွဲ့က အတည်ပြုခဲ့ပါတယ်။

ပါကစ္စတန် အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ ပါကစ္စတန် တာလီဘန်တွေကို အာဖဂန် တာလီဘန် အစိုးရက လက်ခံကူညီနေကြောင်း ပါကစ္စတန်က စွပ်စွဲထားပြီး အာဖဂန်ဖက်ကတော့ ငြင်းဆိုထားပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာတော့ ပါကစ္စတန်က တာလီဘန် နှစ်ဖွဲ့လုံးနဲ့ အတိအလင်း စစ်ဖြစ်နေပြီလို့ ခံယူကြောင်း သဘောထား ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းနဲ့ ၂၇ ရက် မနက်အစောပိုင်းတွေမှာ ပါကစ္စတန်က ဆင်နွှဲခဲ့တဲ့ လေကြောင်း စစ်ဆင်ရေးတွေဟာ ၂၀၂၁ ခုနှစ်မှာ နိုင်ငံကို ပြန်လည် ထိန်းချုပ်လာနိုင်ပြီးနောက်ပိုင်း အာဖဂန် တာလီဘန် အစိုးရ ကြုံတွေ့ဖူးသမျှ အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေ ဖြစ်လာပါတယ်။

အခုအခါမှာတော့ ဆော်ဒီ အစိုးရဟာ ကာတာနဲ့ ပူးပေါင်းပြီး အာဖဂန်-ပါကစ္စတန် ပဋိပက္ခမှာ တင်းမာမှုတွေ လျော့ကျစေဖို့ အရေးတကြီး စေ့စပ်ပေးမှုတွေ စတင်နေကြောင်း အရှေ့အလယ်ပိုင်း ဒေသတွင်း သံတမန်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ ဒီကိစ္စက ထိလွယ်ရှလွယ် ပြဿနာမို့ သူက နာမည်ကိုတော့ ထုတ်မပြောခဲ့ပါဘူး။ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ပြီး အခြေအနေတွေ အရမ်းဆိုးမသွားခင် ပြဿနာကို အရှိန်လျော့သွားအောင် ကာတာနဲ့ ဆော်ဒီက အပူတပြင်း အားထုတ်နေတယ်လို့ တခြား သတင်းရင်းမြစ် တစ်ဦးကလည်း ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာတော့ အာဖဂန်ရဲ့ ယာယီ နိုင်ငံခြားရေး ဝန်ကြီး မော်လဝီအေမာ ခန်းမတ်တာကီးဟာ ကာတာ အစိုးရရဲ့ စေ့စပ်ညှိနှိုင်းရေးမှူး မိုဟာမက် အယ်လ်ခူလိုင်ဖီနဲ့ ဖုန်းဆက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ တစ်ဖက်မှာတော့ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီးဖြစ်တဲ့ မင်းသား ဖိုင်ဆယ်လ်ဘင် ဖာဟန်က ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါးနဲ့ ဆွေးနွေးခဲ့တယ်လို့ ဆော်ဒီ အစိုးရက ထုတ်ပြန်ပါတယ်။

အာဖဂန် တာလီဘန် အစိုးရဟာ ပါကစ္စတန် တာလီဘန်တွေ အပါအဝင် စစ်သွေးကြွ အဖွဲ့တွေကို ခိုလှုံခွင့် ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို အကြောင်းပြုပြီး ပါကစ္စတန်နဲ့ ဆက်ဆံရေး တင်းမာမှုတွေ အစဉ်တစိုက် ရှိနေခဲ့ပါတယ်။ မနှစ်က အောက်တိုဘာလတုန်းကလည်း အာဖဂန်နဲ့ ပါကစ္စတန်ကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကာတာနဲ့ တူရကီ အစိုးရတွေက အပစ်ရပ်ရေးအတွက် ကြားဝင် စေ့စပ်ပေးခဲ့ရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေပိုင်နက်ထဲ ကျူးကျော်တိုက်ခိုက်လာတဲ့ ပါကစ္စတန် တိုက်လေယာဉ်တွေကို တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း အာဖဂန် နစ္စတန်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန် နိုင်ငံပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ၇၀ ကျော်ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံရဲ့ မြို့တော်မှာ အသေခံ ဗုံးခွဲမှု တစ်ခုကြောင့် လူ ၃၀ ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အိန္ဒိယက ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်သွေးကြွ အကြမ်းဖက်သမား ၁၄၅ ဦးကို ရှင်းလင်း သုတ်သင်ခဲ့ကြောင်း ပါကစ္စတန်က ကြေညာခဲ့ပါတယ်။