Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကို တိုက်ခိုက်ခဲ့မှုကို ဆန့်ကျင်ပြီး ထရမ့်ရဲ့ အကြမ်းဖက် တိုက်ဖျက်ရေး အကြီးအကဲ နုတ်ထွက်

အီရန်မှာ စစ်ပွဲဆင်နွှဲခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ အနေနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အကြမ်းဖက် တိုက်ဖျက်ရေးဌာန အကြီးအကဲဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အီရန်မှာ စစ်ပွဲဆင်နွှဲခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ အနေနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အကြမ်းဖက် တိုက်ဖျက်ရေးဌာန အကြီးအကဲဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးစင်တာရဲ့ ညွှန်ကြားရေးမှူး ဂျိုးကန့်က လူမှုကွန်ရက် မီဒီယာ Xမှာ တင်ထားခဲ့တဲ့ နုတ်ထွက်စာထဲမှာတော့ အမေရိကန်ဟာ အီရန်ဆီက လတ်တလော ခြိမ်းခြောက်ခံရနိုင်ခြေမျိုး အန္တရာယ်တစ်ခုခု လုံးဝ မရှိခဲ့ကြောင်း ရေးသားထားခဲ့ပါတယ်။ သူက ထရမ့်ဟာ အစ္စရေး အစိုးရ၊ ပြီးတော့ အစ္စရေးကို လိုလားတဲ့ ဩဇာကြီးမားသူ အမေရိကန် လော်ဘီတွေက ဝိုင်းဝန်း ဖိအားပေးလို့ အီရန်ကို စစ်တိုက်ခဲ့တာလို့လည်း ကန့်က စွပ်စွဲထားပါတယ်။

သူ့ရဲ့ ရာထူးကနေ နုတ်ထွက်ချိန်မှာ ကန့်က အမေရိကန် သမ္မတ အနေနဲ့ လှမ်းမှန်ဆီ ပြန်ဦးတည်သင့်တယ်လို့လည်း ထည့်သွင်း တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်ကတော့ ကန့်ရဲ့ စာထဲမှာပါတဲ့ အကြောင်းအရာတွေကို ငြင်းဆိုသွားခဲ့ပြီး အီရန်က အမေရိကန်ကို အရင်စတင် တိုက်ခိုက်မယ်ဆိုတဲ့ ယုံကြည်နိုင်လောက်တဲ့ အထောက်အထားတွေ သမ္မတ ထရမ့်က ရရှိထားခဲ့ကြောင်း ပြောပါတယ်။

ကန့်ဟာ ထရမ့်ရဲ့ အစိုးရအဖွဲ့ အတွင်းစည်းထဲမှာ အီရန်စစ်ပွဲနဲ့ ပတ်သက်လို့ လူသိရှင်ကြား ဆန့်ကျင်ဝေဖန်တဲ့ ရာထူးအကြီးဆုံး အရာရှိ ဖြစ်လာခဲ့ပြီး အဲဒီနောက်မှာ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာတော့ ထရမ့်က ကန့်ဟာ လူကောင်းတစ်ယောက် ဖြစ်ပေမယ့် လုံခြုံရေး အမြင်နဲ့ ပတ်သက်ရင်တော့ အားနည်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။ သူက ကန့်ရဲ့ နုတ်ထွက်စာကို ဖတ်မိတဲ့အခါ ကန့်က နုတ်ထွက်သွားတာ ပိုကောင်းတယ်လို့ ယူဆလိုက်ကြောင်းလည်း သတင်းထောက်တွေကို ပြောပါတယ်။

ထရမ့်ဆီ လိပ်မူထားတဲ့ စာထဲမှာတော့ အစ္စရေး အဆင့်မြင့် အရာရှိတွေ၊ ဩဇာကြီးမားတဲ့ အမေရိကန် ဂျာနယ်လစ်တွေက ထရမ့်ဆီ သတင်းအချက်အလက် အမှားတွေ ထောက်ပံ့ပေးပြီး သမ္မတရဲ့ အမေရိကန်သာ ပဓာနဆိုတဲ့ မူဝါဒကို အကျည်းတန်လာစေခဲ့တယ်လို့လည်း ကန့်က ရေးသားထားခဲ့ပါတယ်။

အဲဒီ အချက်အလက် အမှားတွေကပဲ အီရန်ဟာ အမေရိကန်ကို ချက်ချင်းလက်ငင်း အန္တရာယ် ပေးတော့မယ်ဆိုတဲ့ မှားယွင်း ယုံကြည်မှုမျိုး ထရမ့်ဆီ ရောက်ရှိသွားစေကြောင်း၊ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒါဟာ မုသားသက်သက်ဖြစ်ကြောင်း ကန့်က ထောက်ပြထားခဲ့ပါတယ်။

ကန့်ဟာ ထရမ့်ကို နှစ်ရှည်လများ အမာခံ အားပေး ထောက်ခံလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ လွှတ်တော်အမတ် နေရာအတွက် နှစ်ကြိမ်ယှဉ်ပြိုင်ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

သူ့ရဲ့ နုတ်ထွက်စာပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဂျူးဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို စောင့်ကြည့်တဲ့ အမေရိကန် အခြေစိုက် အဖွဲ့အစည်း တချို့ကတော့ ဝေဖန်လာကြပါတယ်။ နာမည်ဖျက်မှု ဆန့်ကျင်ရေး အဖွဲ့ချုပ် (ADL)က ကန့်ရဲ့ စာအရေးအသားဟာ ဂျူးဆန့်ကျင်ရေး ခေါက်ရိုးကျိုး အသုံးအနှုန်းတွေအတိုင်း ဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒါကြောင့်လည်း အီရန်ကို စစ်တိုက်သူဟာ သမ္မတထရမ့် ဖြစ်လျက်တဲ့တိုင် အစ္စရေးနဲ့ မီဒီယာတွေကိုပဲ ကန့်က အပြစ်တင်ခဲ့တာလို့ ADLက ဆိုပါတယ်။ အစ္စရေး လိုလားတဲ့ လော်ဘီအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ အမေရိကန် အစ္စရေး ပြည်သူ့ရေးရာ ကော်မတီ (AIPAC)ကလည်း ADLရဲ့ ထုတ်ပြန်ချက်ကို လူမှုကွန်ရက် မီဒီယာ Xမှာ ထောက်ခံ ဝေမျှထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။