မတ် -၂၄ ၊၂၀၂၆
ခိုးယူသွားသူတွေ လက်ထဲကနေ အပြန်အလှန် ဖေးမရင်း စုစုစည်းစည်းနဲ့ အိမ်ပြန်လာနိုင်ခဲ့တဲ့ ခွေးလေး ၇ ကောင်ရဲ့ ခရီးစဉ်ဟာ တရုတ် လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။
အဲဒီ ခွေးလေးတွေဟာ လေလွင့်ခွေးတွေ မဟုတ်ဘဲ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျေးရွာတစ်ခုကနေ မသမာသူတွေက ခိုးယူသွားတာ ခံခဲ့ရပါတယ်။ နောက်တော့ သူတို့ဟာ ဖမ်းခေါ်ခံရတဲ့ ထရပ်ကားဆီကနေ လွတ်မြောက်လာခဲ့ပုံရပြီး ၁၇ ကီလိုမီတာ ရှည်တဲ့ ခရီးကို လမ်းလျှောက်ပြီး အတူပြန်လာခဲ့ကြပါတယ်။
မတ်လ ၁၇ ရက်နေ့တုန်းက ကျိလင်းပြည်နယ်၊ ချောင်ချွမ်ခရိုင်မှာရှိတဲ့ အဝေးပြေး ကားလမ်းမကြီးရဲ့ လမ်းဘေး တစ်နေရာမှာ အရွယ်စုံ၊ အရောင်စုံ ခွေးလေးတစ်အုပ်က ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေတာကို မျိုးရိုးနာမည် လုဆိုတဲ့ အင်တာနက် သုံးစွဲသူ တစ်ဦးက သတိထားမိပြီး ဗီဒီယို ရိုက်ယူခဲ့ပါတယ်။

Public Service Announcement
ဗီဒီယိုထဲမှာတော့ ခွေးလေးတွေဟာ အချင်းချင်း နီးနီးကပ်ကပ် ပူးပေါင်းနေကြပြီး တစ်ကောင်ကောင် နောက်မှာ ကျန်နေခဲ့ရင်လည်း ဂရုတစိုက်နဲ့ စောင့်ခေါ်ကြတာကို တွေ့ရပါတယ်။ သူတို့ထဲမှာ German shepherd အမျိုးအား တစ်ကောင်က ဒဏ်ရာရထားပြီး အထူးသဖြင့် အဲဒီတစ်ကောင်ကို ကျန်တဲ့ခွေးလေးတွေက ဝန်းရံပေးထားကြပါတယ်။ ခွေး ၇ ကောင်ထဲမှာ Golden retrieverတွေ၊ Labardorတွေနဲ့ Pekinese မျိုးစိတ်တွေလည်း ပါဝင်ပြီး Corgi ခွေးပုလေး တစ်ကောင်က အပြန်လမ်းကို ဦးဆောင်နေဟန် ရှိပါတယ်။
လုက အဲဒီ ခွေးလေးတွေရဲ့ စိတ်လှုပ်ရှားစရာ ခရီးစဉ်အကြောင်း လူမှုကွန်ရက်ပေါ် မျှဝေခဲ့တဲ့အခါ လူအများရဲ့ အာရုံစိုက်မှုကို ချက်ချင်း ရရှိလာပါတယ်။ အနည်းဆုံး လူပေါင်း သန်း ၂၃၀ လောက်က အဲဒီဗီဒီယိုကို ကြည့်ရှုခဲ့ကြပါတယ်။ ဒါ့အပြင် တရုတ်မှာ အိမ်မွေး တိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်တဲ့ ငြင်းခုံမှုတွေလည်း ပေါ်ပေါက်လာပါတယ်။
လုကတော့ အဲဒီ ခွေးလေးတွေဟာ အကူအညီ လိုနေတဲ့ ညီရင်းအစ်ကိုတွေ တစ်စုနဲ့တောင် တူနေပြီး ညီညီညွတ်ညွတ်နဲ့ ခရီးသွားနေခဲ့ကြောင်း၊ လေလွင့်ခွေးတွေနဲ့လည်း လုံးဝ မတူကြောင်း ရေးသားထားခဲ့ပါတယ်။ လုက ခွေးလေးတွေကို ကားလမ်းမပေါ်ကနေ ဘေးကင်းတဲ့ဆီ ရွှေ့ပေးဖို့ ကြိုးစားပေမယ့် ၇ ကောင်စလုံးကတော့ သူတို့ရဲ့ လားရာဆီ မမှိတ်မသုန် ဆက်ပြီး ချီတက်သွားကြတယ်လို့ ဆိုပါတယ်။
နောက်တော့ ဒေသခံ လေလွင့်ခွေး စောင့်ရှောက်ရေး အဖွဲ့အစည်း တစ်ခုက အဲဒီခွေးလေးတွေဟာ ရွာတစ်ခုတည်းကနေ ပျောက်ဆုံးသွားတာဖြစ်ပြီး အချင်းချင်း ဖေးမရင်း အိမ်ပြန်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ သတင်းကြားကြားချင်း ဒေသခံ ခွေးချစ်သူတွေ၊ စေတနာ့ ဝန်ထမ်းတွေဟာ လူအင်အားရော၊ ဒရုန်းတွေကိုပါ အသုံးပြုပြီး ခွေး ၇ ကောင်ကို လိုက်ရှာခဲ့ပါတယ်။ ပြီးတော့ အိမ်ပြန်ရောက်တဲ့ထိ သေချာအောင် ကူညီပေးခဲ့ကြပါတယ်။
ခွေးတွေကို ကူညီကယ်ဆယ်ခဲ့တဲ့ထဲမှာ ပါဝင်ခဲ့သူ စေတနာ့ ဝန်ထမ်းတစ်ဦးကတော့ ခွေးလေးတွေဟာ ခွေးသားရောင်းသူတွေ ဖမ်းဆီးသွားတာ ခံရပြီး လမ်းခုလတ်မှာ အကြောင်းတစ်ခုခုကြောင့် လွတ်လာပုံရကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီယူဆချက် မှန်မမှန်ကို အတိအကျ အတည်မပြုနိုင်သလို ဘယ်သူတွေက ခွေးလေးတွေကို ဖမ်းသွားခဲ့သလဲဆိုတဲ့ မျက်မြင်သက်သေလည်း မရှိပါဘူး။
မတ်လ ၁၉ ရက်နေ့မှာတော့ ခွေးလေး ၇ ကောင်စလုံးဟာ မူလပိုင်ရှင်တွေဖြစ်တဲ့ မိသားစု ၃ ခုဆီ ချောချောမောမော ပြန်ရောက်နေကြပြီ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားနေဟန်ရှိတဲ့ ပိုင်ရှင်တစ်ယောက်ကတော့ ခွေးလေးတွေ ချက်အစားမခံရဘဲ အသက်ရှင်ပြီး ပြန်လာတာကို မြင်ခွင့်ရတာ အရမ်းကံကောင်းတယ်လို့ ပြောပါတယ်။
တရုတ်မှာ ခွေးတွေကို ခိုးယူခြင်းဟာ ရာဇဝတ်မှု မြောက်ပါတယ်။ ဒါပေမဲ့ ဒေသအတော်များများမှာတော့ ခွေးသားစားခြင်းကို တရားဝင် ခွင့်ပြုထားဆဲပါ။ ၂၀၂၀ ပြည့်နှစ်က ရှန်ဇန်းမှာ ခွေးသားစားခြင်းကို စတင်ပိတ်ပင်ခဲ့ပြီး တခြားဒေသတွေမှာပါ အဲဒီ လမ်းစဉ်ကို လိုက်ကြဖို့ တိရစ္ဆာန် အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တွန်းအားပေးနေကြပါတယ်။
ကိုးကား CBS


















































