အမေရိကန်နဲ့ ညှိနှိုင်းနေမှုတွေမှာ အီရန်က အလျှော့ပေးလိုက်တဲ့ သဘောအဖြစ် နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲပြီး ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ သဘောတူခဲ့ပါတယ်။
အမေရိကန် တောင်းဆိုချက်တွေကို မလိုက်လျောရင် အီရန်ရဲ့ ဓာတ်အားပေး ကွန်ရက်တွေနဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ပြင်းပြင်းထန်ထန် ဗုံးကြဲ ဖျက်ဆီးပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရာဇသံပေးထားတဲ့ သတိပေးကာလ မပြီးဆုံးခင် နာရီပိုင်း အလိုမှာ နှစ်ဖက်စလုံး အပစ်ရပ်ထားဖို့ သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ကြားဝင် စေ့စပ်ပေးနေတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်နဲ့ စကားပြောဖြစ်ခဲ့ကြောင်း၊ အီရန်ကို ဖျက်ဆီးပစ်ဖို့ အမေရိကန်က စေလွှတ်မယ့် တပ်တွေကို ဆိုင်းငံ့ထားပေးဖို့ ဝန်ကြီးချုပ်က တောင်းဆိုခဲ့ကြောင်း၊ အီရန် အစိုးရကသာ ဟောမုဇ် ရေလက်ကြားမှာ သင်္ဘောတွေ ဘေးကင်းကင်းနဲ့ ဖြတ်သန်းဖို့ကို ခွင့်ပြုမယ်ဆိုရင် အမေရိကန်ကလည်း အီရန်ကို ဗုံးကြဲတာ၊ တိုက်ခိုက်တာတွေ နှစ်ပတ်ကြာ ဆိုင်းငံ့ပေးထားဖို့ သဘောတူမယ်လို့ သူက အသိပေးခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။ ဒါဟာ နှစ်ဖက်စလုံးက အပစ်အခတ် ရပ်ထားမယ့် အခြေအနေ ဖြစ်မယ်လို့လည်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။
အစောပိုင်းတုန်းက အီရန်အစိုးရဟာ ယာယီ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှု မှန်သမျှကို ပယ်ချခဲ့ပြီး စစ်ပွဲကို အလုံးစုံ ရပ်စဲဖို့၊ အမေရိကန်နဲ့ အစ္စရေးက အီရန်မှာ တိုက်ခိုက်ဖျက်ဆီးထားတာတွေအတွက် နစ်နာကြေး ပေးလျော်ဖို့စတဲ့ အချက်တွေကို တုံ့ပြန် တောင်းဆိုထားပါတယ်။ အခုတော့ အီရန်ဟာ အပစ်အခတ် ယာယီ ရပ်စဲရေးကို သဘောတူခဲ့သလို ကမ္ဘာ့ရေနံ တင်ပို့မှုမှာ အရေးအပါဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကိုလည်း ပြန်ဖွင့်ပေးထားရတော့မှာပါ။

Public Service Announcement
အခု အပစ်ရပ် သဘောတူညီမှုဟာ ညှိနှိုင်းမှုတွေမှာ ထရမ့် အသာစီး ရခဲ့တဲ့ အဓိပ္ပါယ် ဖြစ်ပေမယ့် ရှေ့ဆက်ပြီး ခက်ခဲသိမ်မွေ့တဲ့ လုပ်ငန်းစဉ်တွေ ကျန်နေဆဲလို့ စစ်ရေး သုတေသီတွေက ပြောပါတယ်။ ပြီးတော့ စစ်ပွဲကို အပြီးတိုင် ရပ်စဲနိုင်ရေးအတွက် အပစ်ရပ် ကာလအတောအတွင်းမှာ နှစ်ဖက် သဘောတူညီမှု တစ်ခုခု ရရှိဖို့ ဆိုတာလည်း မသေချာသေးပါဘူး။
ထရမ့်က အပစ်ရပ်ဖို့ သဘောတူခဲ့တာနဲ့ ပတ်သက်ပြီး ဒီဆုံးဖြတ်ချက်ဟာ ကြောင်းကျိုးညီညွတ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်မှာ ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေကို မျှော်မှန်းတာထက် ကျော်လွန်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပြောပါတယ်။ အီရန်ဖက်က အဆိုပြုချက် ၁၀ ခုကို အမေရိကန်က ရရှိထားပြီး အဲဒီ အချက်တွေက ဆက်ပြီး ညှိနှိုင်းလို့ ရလောက်တဲ့၊ အလုပ်ဖြစ်နိုင်တဲ့ အခြေအနေလို့ သူယူဆကြောင်းလည်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ညှိနှိုင်းမှုတွေမှာ အဲဒီ ၁၀ ချက်နဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အီရန်ကြား အတိုင်းအတာ တစ်ခုထိ သဘောတူညီမှုတွေ ရခဲ့ကြောင်း၊ ဒါပေမဲ့ အပစ်ရပ်ထားမယ့် လာမယ့် သီတင်းနှစ်ပတ်အတွင်း သဘောတူညီမှု အားလုံးကို အပြီးသတ်ပြီး အထမြောက်စေမယ်လို့ မျှော်လင့်ကြောင်းလည်း သူက ဆိုပါတယ်။
AFPနဲ့ အင်တာဗျူးမှာ ထရမ့်က လက်ရှိသဘောတူညီမှုဟာ အမေရိကန်အတွက် ပြီးပြည့်စုံပြီး မေးခွန်းထုတ်စရာ မလိုတဲ့ အောင်ပွဲတစ်ရပ် ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
တကယ်လို့ နှစ်ပတ်ပြည့်တဲ့အချိန်မှာ သဘောတူညီမှု တစ်ခုခု အပြီးသတ် မရရှိဘူးဆိုရင် အရင်က ခြိမ်းခြောက်ထားသလို အီရန်ရဲ့ အရပ်ဖက်သုံး စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ဗုံးကြဲမှာလားလို့ မေးတဲ့အခါ သူက ဒါကိုတော့ အားလုံး စောင့်ကြည့်ဖို့ လိုလိမ့်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေးကလည်း အီရန်မှာ အပစ်ရပ်ထားမယ်လို့ ပြောပေမယ့် အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို တိုက်ခိုက်နေတဲ့ လက်ဘနွန်က စစ်ဆင်ရေးတွေကိုတော့ ရပ်တန့်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – Getty


















































