Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ဆီ လက်နက်တွေ မထောက်ပံ့ဖို့ ရှီကျင့်ဖျင်ကို တောင်းဆိုခဲ့ကြောင်း ထရမ့်ပြော

အီရန်ဆီ လက်နက်တွေ မထောက်ပံ့ဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို သူက တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အီရန်ဆီ လက်နက်တွေ မထောက်ပံ့ဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို သူက တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သူဟာ တရုတ် အစိုးရဆီကို စာတစ်စောင် ရေးသား ပေးပို့ပြီး အီရန်အတွက် စစ်လက်နက်တွေ မထောက်ပံ့ဖို့ တောင်းဆိုခဲ့ကြောင်း၊ ရှီကလည်း အီရန်ဆီ လက်နက်တွေ ပေးပို့မှာ မဟုတ်ဘူးဆိုတာ အကြောင်းပြန်ခဲ့ကြောင်း ထရမ့်က Fox သတင်းဌာနနဲ့ အင်တာဗျူးထဲမှာ မှတ်ချက်ပေးထားခဲ့ပါတယ်။ အဲဒီ အင်တာဗျူးကို ဧပြီ ၁၅ ရက်နေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။

ဒါပေမဲ့ အပြန်အလှန် ပေးပို့တဲ့ စာတွေထဲမှာ တခြား ဘာအကြောင်းအရာတွေ ပါဝင်သလဲ ဆိုတာကိုတော့ ထရမ့်က အသေးစိတ် ပြောမထားခဲ့ပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ထရမ့်ဟာ အီရန်ဆီ စစ်လက်နက် ထောက်ပံ့တဲ့ နိုင်ငံတိုင်းကို အမေရိကန်က သွင်းကုန် အခွန်စည်းကြပ်မှု ၅၀ ရာခိုင်နှုန်း ချက်ချင်း တိုးမြှင့်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အီရန်အတွက် လက်နက်တွေ မပေးဖို့ သူက ရှီဆီကို စာရေးခဲ့ကြောင်း၊ အနှစ်ချုပ် ပြောရရင် ရှီကလည်း သူအဲဒီလို မလုပ်ဘူးဆိုတာ စာပြန်ခဲ့ကြောင်း ထရမ့်က Foxကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ရှီနဲ့ ဘေဂျင်းမှာ ဧပြီ ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာ တွေ့ဆုံဖို့ စီစဉ်ထားပြီး အဲဒီ ထိပ်သီးဆွေးနွေးပွဲကြောင့် ကမ္ဘာ့ ရေနံစျေးကွက်မှာ ကြီးကြီးမားမား အရွေ့တွေ ဖြစ်လာမယ်လို့တော့ မျှော်လင့်မထားဘူးလို့လည်း ထရမ့်က ဆိုပါတယ်။

အပြောင်းအလဲကြီးတွေ ဖြစ်လာမယ်လို့ မထင်ကြောင်း၊ တကယ်တမ်း ရေနံကို အပူတပြင်း လိုအပ်နေတာက ရှီနဲ့ တရုတ်ဖြစ်ပြီး အမေရိကန် မဟုတ်ကြောင်း၊ ရှီဟာ သူနဲ့ သဟဇာတ အများကြီးဖြစ်သူ တစ်ယောက် ဆိုတာတော့ မှန်ကန်ကြောင်း ထရမ့်က မှတ်ချက်ပေးသွားပါတယ်။

အမေရိကန်ရေတပ်ဟာ အခုသီတင်းပတ် အစောပိုင်းကစပြီး ဟောမုဇ် ရေလက်ကြားကို ပိတ်ထားရာကနေ ထရမ့်က အခုတော့ အဲဒီ ရေလက်ကြားကို အမြဲတမ်း ပြန်ဖွင့်ပေးထားပြီလို့လည်း လူမှုကွန်ရက် မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။ တရုတ်အတွက်၊ ပြီးတော့ ကမ္ဘာကြီးအတွက်ပါ အခုလို လုပ်ခဲ့တာ ဖြစ်ကြောင်း၊ တရုတ်လည်း အရမ်းပျော်ရွှင်နေကြောင်း သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ထရမ့်က ရေးသားထားခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်လာမယ့် သီတင်းပတ် နည်းနည်းကြာရင် သမ္မရှီက သူ့ကို အားရပါးရ ဖက်လှဲတကင်း ကြိုဆိုလိမ့်မယ်လို့လည်း ထရမ့်က ဆိုပါတယ်။

ထရမ့်ဆိုလိုတဲ့ ရေလက်ကြား ပြန်ဖွင့်ပေးလိုက်တယ်ဆိုတဲ့ စကားက ချက်ချင်းတော့ အဓိပ္ပါယ် ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ အိမ်ဖြူတော်ဖက်ကလည်း သမ္မတရဲ့ မှတ်ချက်အပေါ် အသေးစိတ် ရှင်းမပြသေးပါဘူး။ ပြီးတော့ ဟောမုဇ် ရေလက်ကြားမှာ သင်္ဘောတွေ အသွားအလာက ဆက်လက်ပြီး ကျဲပါးနေဆဲပါ။

အမေရိကန်ဟာ တရုတ်နဲ့ တခြားနိုင်ငံတွေရဲ့ သင်္ဘောတွေ ဖြတ်သန်းနိုင်အောင် ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမယ် ဆိုရင်တောင် အီရန်ရဲ့ ဆိပ်ကမ်းတွေကိုတော့ ရေတပ်အင်အားသုံးပြီး ဆက်လက် ပိတ်ဆို့ထားမယ်လို့ ယုံကြည်ရပါတယ်။

အမေရိကန်၊ အစ္စရေးတို့နဲ့ စစ်ပွဲ စတင်ချိန်မှာပဲ အီရန်ဟာ နိုင်ငံ ကမ်းလွန်မှာ တည်ရှိပြီး ကမ္ဘာ့ ရေနံတင်ပို့မှုတွေရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းနေရာ စွမ်းအင်ဆိုင်ရာ အသက်သွေးကြော ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ချပစ်ခဲ့ပါတယ်။ အဲဒီနောက် အီရန်နဲ့ အမေရိကန်တို့ကြား နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲဖို့ သဘောတူညီမှု ရထားချိန် အတောအတွင်း အီရန်ကို ဖိအားပေးတဲ့ အနေနဲ့ အမေရိကန်ကလည်း ဟောမုဇ်ကို ပိတ်ပစ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာ ဟောမုဇ်ကို နေ့စဉ်ဖြတ်သန်းတဲ့ ရေယာဉ်နဲ့ ရေနံတင် သင်္ဘောတွေ ရှိနေပေမယ့် စစ်မဖြစ်ခင်ကနဲ့ ယှဉ်ရင်တော့ အရမ်းနည်းပါးသွားပါတယ်။ ပုံမှန်ဆိုရင် ဟောမုဇ်ကို နေ့စဉ် ဖြတ်သန်းခုတ်မောင်းတဲ့ သင်္ဘော အစီးရေ ၁၃၀ ဝန်းကျင်လောက်ရှိကြောင်း သိရပါတယ်။

ကိုးကား: Reuters
ဓာတ်ပုံ – Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ လူချင်းတွေ့ဆုံခဲ့တာဟာ သမိုင်းဝင် ဆွေးနွေးမှု တစ်ခုလို့ ဗင်နီဇွဲလား ယာယီ သမ္မတက ပြောကြားခဲ့ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဟာ ဆိုးယုတ်တဲ့ အဖွဲ့အစည်း တစ်ခုလို့ သူ့ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထည့်သွင်း စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

Facebook