လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

အဲဒီ ဘက်တီးရီးယားကြောင့် ဖြစ်ပွားတဲ့ Melioidosis ရောဂါကို မြေဆီအဖျားရောဂါလို့ အလွယ်ခေါ်ဝေါ်လေ့ရှိပြီး အခုနှစ် အစောပိုင်းကစလို့ ထိုင်းမှာ ရောဂါ ကူးစက်မှုတွေရော၊ သေဆုံးမှုပါ သိသိသာသာ တိုးလာတယ်လို့ ဆိုပါတယ်။
လူ့အသက်တွေကို ခြိမ်းခြောက်နိုင်တဲ့ အဲဒီ ဘက်တီးရီးယားဟာ မြေလွှာထဲမှာ ပုန်းခိုနေလေ့ရှိပြီး စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်နေသူတွေ အထူးသတိထားသင့်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထိုင်းအစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ မြေဆီအဖျားကြောင့် အခုနှစ်အတွင်း ထိုင်းမှာ သေဆုံးသူ ၂၃ ဦးထက်မနည်း ရှိခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။
ဧပြီ ၁၈ ရက်နေ့မှာ အစိုးရ ပြောရေးဆိုခွင့်ရ အမျိုးသမီး လာလီဒါ ပါရစ်ဗီဝတ်ထနာက ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ မြေဆီအဖျား ကူးစက်မှု ပြဿနာတွေကို အလေးအနက် သတိထား စောင့်ကြည့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဧပြီ ၁၆ ရက်နေ့ထိ ကာလအတောအတွင်း ထိုင်းမှာ မြေဆီအဖျားရောဂါ ကူးစက်လူနာ ၇၃၂ ဦးကို တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

Public Service Announcement
အဲဒီရောဂါ ကူးစက်မှုတွေ အဓိက ဖြစ်ပေါ်နေတဲ့ နေရာဟာ နိုင်ငံအရှေ့မြောက်ပိုင်း ဒေသတွေမှာ ဖြစ်ပါတယ်။ ပြီးတော့ အသက် ၅၀ အထက် အရွယ်တွေဟာ ရောဂါကူးစက်ပြီး ပြင်းထန်တဲ့ လက္ခဏာတွေ ခံစားရဖို့ ဖြစ်နိုင်ခြေ ပိုများတယ်လို့လည်း ဆိုပါတယ်။
မြေဆီအဖျားရောဂါ ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယား မျိုးစိတ်ဟာ မြေကြီးနဲ့ ရေသေရေဝပ် ဧရိယာတွေမှာ ခိုအောင်းနေလေ့ ရှိပါတယ်။ အဲဒီဘက်တီးရီးယားဟာ အနာတွေ၊ ပြတ်ရှာဒဏ်ရာတွေကနေတဆင့်ဖြစ်စေ၊ ဘက်တီးရီးယား ခိုအောင်းနေတဲ့ မြေမှုန်တွေကို ရှူရှိုက်မိလို့ဖြစ်စေ၊ မသန့်ရှင်းတဲ့ရေကို သောက်သုံးမိလို့ဖြစ်စေ လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်ပါတယ်။
ပြီးတော့ ဘက်တီးရီးယားကြောင့် ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေကလည်း ပုံသေ မှန်းဆလို့ မရပါဘူး။ တချို့လူနာတွေက ဘာလက္ခဏာမှ မပြသတတ်ဘဲ အများစုကတော့ ပုံမှန် တုပ်ကွေးရောဂါနဲ့တူတဲ့ ဝေဒနာတွေ ခံစားရပါတယ်။ အဖျားတက်တာ၊ အသက်ရှူရခက်တာတွေအပြင် အရေပြားမှာ ပိုးဝင်သလို ပြည်တည်နာတွေလည်း ဖြစ်နိုင်ပါတယ်။
ဘက်တီးရီးယားပိုးက သွေးကြောတွေထဲ ထိုးဖောက် ဝင်ရောက်သွားတဲ့ အခါမှာတော့ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ သွေးအဆိပ်သင့်မှုမျိုး ဖြစ်လာပြီး လက်ရှိ ကူးစက်မှုတွေ သေနှုန်းမြင့်နေတဲ့ အဓိက အကြောင်းရင်းလို့လည်း သတ်မှတ်နိုင်ပါတယ်။
မြေဆီအဖျား ရောဂါ စွဲကပ်ခံရတဲ့ လူနာတွေထဲက ၁၀ ရာခိုင်နှုန်းဟာ နှစ်လလောက် ကြာတဲ့ထိ နောက်ဆက်တွဲ ရောဂါ လက္ခဏာတွေ ခံစားကြရတတ်ပြီး အဲဒီ အခြေအနေကိုတော့ နာတာရှည် မြေဆီအဖျားလို့ သတ်မှတ်လေ့ရှိကြောင်း သိရပါတယ်။
ကိုးကား: Nation


















































