Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲ မဲဆန္ဒနယ် တစ်ခုမှာ မဲပြန်ရေပေးဖို့ တောင်းဆိုမှုတွေ ရှိနေ

ထိုင်းရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် တစ်ခုမှာ မဲရေတွက်မှု မူမမှန်တဲ့ ကိစ္စတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေကြောင့် မဲတွေ ပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။

ဓာတ်ပုံ - Khaosod

ထိုင်းရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် တစ်ခုမှာ မဲရေတွက်မှု မူမမှန်တဲ့ ကိစ္စတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေကြောင့် မဲတွေ ပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။

ချောင်ဘူရီရဲ့ မဲဆန္ဒနယ် အမှတ် ၁ မှာတော့ မဲရေတွက်မှု ရလဒ်တွေအရ ဘွမ်ဂျိုင်ထိုင်း (BJT) ပါတီရဲ့ လက်ရှိ အိမ်စောင့် အစိုးရ ဒုတိယ ဝန်ကြီးချုပ် ဆူချတ် ချွမ်ကလင်က အနိုင်ရခဲ့ပါတယ်။ ဆူချတ်က မဲအရေအတွက် ၄၃၇၀၃ မဲထိ ရရှိခဲ့ပြီး ပြည်သူ့ပါတီ (PP)ရဲ့ ကိုယ်စားလှယ်လောင်း ဝါရော့ ဆီရီရက်ကတော့ မဲအရေအတွက် ၃၉၉၂၀ မဲ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ ညပိုင်းမှာပဲ အဲဒီ မဲဆန္ဒနယ်မှာ မဲတွေကို သိုလှောင် သိမ်းဆည်းမှု၊ ရေတွက်မှုတွေက သတ်မှတ် စံနှုန်းတွေနဲ့ မညီတာ၊ မူမမှန်တာတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေ စတင် ထွက်ပေါ်လာပါတယ်။ အဲဒီအတွက် နိုင်ငံရေး ပါတီတွေရော၊ ပြည်သူတွေကပါ မဲတွေကို ပြန်ရေပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

နောက်တော့ လူမှုကွန်ရက် မီဒီယာပေါ်မှာ မဲဆန္ဒနယ် ၁ ရဲ့ မဲတွေကို ပြန်ရေတွက်မယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လာတာကြောင့် ရေတွက်မှုကို စောင့်ကြည့်ဖို့ ဒေသခံ ရွေးကောက်ပွဲ ကော်မရှင် ရုံးခွဲရှေ့မှာ လူစုလူဝေး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရုံးခွဲ တာဝန်ရှိသူတွေက မဲတွေ ပြန်ရေတွက်မယ်ဆိုတဲ့ သတင်းက မဟုတ်မှန်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း အတိုက်အခံ အင်အားစုတွေက အလျှော့မပေးဘဲ အဲဒီမဲဆန္ဒနယ်မှာ မဲတွေကို ပြန်ရေပေးဖို့ ဆက်ပြီး တောင်းဆိုနေပါတယ်။ ပြည်သူတွေက မဲရုံတစ်ခုရဲ့ မဲပုံးတွေ တင်ဆောင်ထားတဲ့ ပစ်ကပ်ကားကိုလည်း ထွက်ခွာခွင့် မပေးဘဲ မဲတွေ ချက်ချင်းပြန်ရေဖို့ လောဆော်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခွဲ ဝန်းကျင်မှာတော့ ရွေးကောက်ပွဲ ကော်မရှင် ဒုတိယ အတွင်းရေးမှူးချုပ် ချန်နင်နွိုင်လက်ကိုယ်တိုင် လူစုလူဝေး ရှိတဲ့ဆီကို ရောက်လာပြီး ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းကျရင် မဲတွေကို ပြန်ရေဖို့ သင့်မသင့်ကိစ္စ ကော်မရှင် အဖွဲ့ဝင်တွေ ဆွေးနွေးပါ့မယ်လို့ ကတိပေးခဲ့ပါတယ်။

သူက တကယ်လို့ မဲရေတွက်မှုမှာ မသမာတာတွေရှိကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ ပြသနိုင်ရင် ယူဆောင်လာဖို့ လူထုကို တိုက်တွန်းခဲ့သလို မဲတွေ ပြန်ရေမရေ ဆိုတာကို ကော်မရှင် အဖွဲ့ဝင်တွေ ညှိနှိုင်းကြမယ့် ရလဒ်ကို စောင့်ဖို့လည်း မေတ္တာရပ်ခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အခြေအနေက ပြန်လည် အေးဆေးသွားပေမယ့် နိုင်ငံရေးပါတီတွေနဲ့ လူထုကတော့ မဲပြန်ရေတဲ့ ဆုံးဖြတ်ချက်မျိုးကို မျှော်လင့်နေဆဲပါ။

မဲရေတွက်မှုတွေမှာ မသမာတာတွေ ရှိခဲ့ကြောင်း သံသယ ဝင်နေသူတွေကတော့ မဲပုံးတွေဟာ မူလက ကြိုသတ်မှတ်ထားတဲ့ တိကျတဲ့ နေရာမှာ မထားဘဲ ဘာကြောင့် ကြက်တောင်ကွင်း တစ်ခုထဲမှာ ထားခဲ့သလဲ ဆိုတာကို မေးခွန်းထုတ်နေပါတယ်။ နောက်ပြီး မဲပုံးတွေကို ရွှေ့ပြောင်းချိန်မှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ချိတ်ပိတ်တာမျိုး မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

နောက်ပြီး မဲတွေကို ရေတွက်နေချိန် မဲရုံတချို့မှာ မီးတွေပြတ်တာကလည်း မဲမသမာမှုတွေအတွက် အခွင့်အရေး ဖြစ်နိုင်ကြောင်း ထောက်ပြမှုတွေ ရျိနေပါတယ်။ တချို့ မဲရုံတွေမှာ အမှန်တကယ် မဲပေးသူနဲ့ ရေတွက်တဲ့မဲ မကိုက်တာမျိုးတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

ပြီးတော့ မဲဆန္ဒနယ် ၁ ရဲ့ မဲရုံ ၁၅ မဲစာရင်း စာရွက်တစ်ခုကိုလည်း မူလတန်းကျောင်း အမှိုက်ပုံးထဲမှာ လူထုက ရှာတွေ့ခဲ့ပါတယ်။ အဲဒီ စာရင်းထဲမှာတော့ ဆူချတ်က ၂၆၆ မဲရပြီး ဝါရော့က ၂၇၈ မဲရတယ်လို့ ရေးမှတ်ထားခဲ့ပါတယ်။

လက်ရှိမှာတော့ အားလုံးဟာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေ ဆွေးနွေးမှုကနေ ထွက်ပေါ်လာမယ့် ရလဒ်ကို ဆက်ပြီး စောင့်ဆိုင်းနေပါတယ်။ ကော်မရှင် အနေနဲ့ မဲတွေကို ပြန်ရေမလား ဆိုတာနဲ့ နောက်ဆက်တွဲ ဘယ်လို စီမံကိုင်တွယ်မလဲ ဆိုတာတွေကို ညှိနှိုင်း ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရွေးကောက်ပွဲမှာ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်ရဲ့ ပါတီ အမတ်နေရာ အများဆုံး အနိုင်ရခဲ့ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင် (UEC)က တရားဝင် အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အခုနှစ်အတွက် ခွေးရူးပြန်ရောဂါနဲ့ ပထမဆုံး သေဆုံးသူဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း Straitstime သတင်းဌာနက​ဖော်ပြပါတယ်။

နိုင်ငံတကာ

ဥပဒေတစ်ရပ်ကို ပြင်ဆင်ဖို့ အဆိုပြု တောင်းဆိုခဲ့မှုနဲ့ ပတ်သက်ပြီး ထိုင်းဥပဒေပြု အမတ်ဟောင်း ၄၄ ဦးဟာ ကြီးမားတဲ့ ကျင့်ဝတ် ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ ထိုင်းအမျိုးသား အဂတိ တိုက်ဖျက်ရေး ကော်မရှင် (NACC)က ဆုံးဖြတ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာအသက် ၂၅ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ အောက်လွှတ်တော် အမတ်နေရာအတွက် အနိုင်ရခဲ့ပြီး နိုင်ငံသမိုင်းမှာ အသက်အငယ်ဆုံး အမတ်ဖြစ်လာမယ်လို့ သိရပါတယ်။