Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကို ရေကြောင်းပိတ်ဆို့ထားမှုဟာ လတွေနဲ့ချီ ကြာနိုင်တယ်လို့ ထရမ့်ပြော

အီရန်ရဲ့ ရေလမ်းကြောင်းတွေကို ပိတ်ဆို့ထားမှုက လနဲ့ချီ ဆက်လက် ကြာမြင့်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

အီရန်ရဲ့ ရေလမ်းကြောင်းတွေကို ပိတ်ဆို့ထားမှုက လနဲ့ချီ ဆက်လက် ကြာမြင့်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ အီရန်တို့ဟာ လောလောဆယ် အပစ်အခတ် ရပ်စဲပြီး စစ်ဆက်မတိုက်ကြပေမယ့် အီရန် တောင်ပိုင်း ကမ်းလွန်မှာရှိတဲ့ ဟောမုဇ် ရေလက်ကြားတဝိုက် ရေပြင်မှာ အပြိုင်အဆိုင် ပိတ်ဆို့ထားကြပါတယ်။ အီရန်က ကျဉ်းမြောင်းတဲ့ ရေလက်ကြား နေရာကို ဖြတ်သန်းခုတ်မောင်းတဲ့ သင်္ဘောတွေကို တားဆီးနေပြီး အမေရိကန်ကတော့ ရေလက်ကြားကို ဖြတ်ပြီး ပိုမိုကျယ်ပြန့်တဲ့ ရေပြင်ဆီ ခုတ်မောင်းလာသမျှ အီရန်နဲ့ ဆက်စပ်တဲ့ သင်္ဘောတွေကို ရေတပ်အင်အားသုံးပြီး ဟန့်တားထားတာ ဖြစ်ပါတယ်။

ဟောမုဇ်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ ထုတ်လုပ်တဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေကို နိုင်ငံတကာ စျေးကွက်ဆီ ဖြန့်ကျက်တင်ပို့မှုမှာ အရေးအပါဆုံး ရေလမ်းကြောင်း တစ်ခု ဖြစ်တာကြောင့် အခုလို အပြိုင်အဆိုင် ပိတ်ဆို့မှုတွေက ကမ္ဘာတလွှားမှာ ရေနံနဲ့ လောင်စာဆီ စျေးတွေကို မြင့်တက်လာစေခဲ့ပါတယ်။

ရေနံ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ ထရမ့်က အမေရိကန်ရဲ့ ရေကြောင်း ပိတ်ဆို့မှုဟာ လတွေနဲ့ချီ ကြာကောင်း ကြာနိုင်တယ်ပြီး အီရန်ရဲ့ စီးပွားရေးကို အကြီးအကျယ် ထိခိုက်သွားစေဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ ရေနံစျေးဟာ ဧပြီ ၂၉ ရက်နေ့မှာ ၄ နှစ်အတွင်း အမြင့်ဆုံး ပမာဏထိ ရောက်ရှိသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ် အီရန်နဲ့ အမေရိကန်တို့ဟာ နောက်ကွယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်ပြီး ရှိနေပေမယ့် သိသာထင်ရှားတဲ့ တိုးတက်မှုမျိုးတော့ ရမလာသေးပါဘူး။ အမေရိကန် ရေတပ်ရဲ့ ပိတ်ဆို့မှုကို ဖယ်ရှားပေးဖို့ အီရန်ဖက်က အပူတပြင်း တောင်းဆိုထားပေမယ့် ထရမ့်ကတော့ အီရန်နဲ့ ဆွေးနွေးသဘောတူညီမှု ရလဒ်တစ်ခုခု အပြီးသတ် ထွက်ပေါ်လာမချင်း ပိတ်ဆို့မှုတွေ ဆက်ရှိနေစေမယ်လို့ သတိပေးထားပါတယ်။

ဧပြီလ ၂၈ ရက်နေ့က ရေနံ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ရာမှာတော့ ထရမ့်က အီရန်အပေါ် ဖိအားပေးထားတဲ့ သူ့ရဲ့ အစီအမံတွေအကြောင်း ရှင်းပြခဲ့ပြီး ရေကြောင်း ပိတ်ဆို့မှုဟာ လတွေနဲ့ချီ ကြာနိုင်ကြောင်း၊ အမေရိကန် နိုင်ငံသားတွေ အတွက်တော့ ထိခိုက်သက်ရောက်မှု အနည်းဆုံးဖြစ်အောင် စီမံနေကြောင်း ပြောဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အိမ်ဖြူတော် အရာရှိ တစ်ဦးက ဆိုပါတယ်။ အီရန်ရဲ့ စီးပွားရေးကို ရေတပ်အင်အား အသုံးပြု ပိတ်ဆို့ထားခြင်းဟာ အီရန်ပိုင်နက်ထဲမှာ ဗုံးတွေ ဝင်ကြဲနေတာထက်တောင် ထိရောက်သေးတယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ထရမ့်က Axios သတင်းဌာနနဲ့ အင်တာဗျူးမှာ အမေရိကန် ရေတပ်ရဲ့ အရေးယူ ကိုင်တွယ်မှုဟာ အီရန်ကို အကြီးအကျယ် အကျပ်ရိုက်စေကြောင်းနဲ့ ရှေ့လျှောက်လည်း အီရန်အတွက် အခြေအနေတွေ ပိုဆိုးလာမှာဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါသေးတယ်။

ဧပြီ ၂၉ ရက်နေ့မှာတော့ အရည်အသွေးမြင့် ရေနံစိမ်း တန်ဖိုးဟာ တစ်ရက်အတွင်း ၇.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်စည်ကို ၁၁၉.၆၉ ဒေါ်လာထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်တုန်းက ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့ အစောပိုင်း နေ့ရက်တွေနောက်ပိုင်း အမြင့်ဆုံး စံချိန် ဖြစ်လာပါတယ်။

ထရမ့်အနေနဲ့ အီရန်စစ်ပွဲကို အမြန်ဆုံး ရပ်တန့်နိုင်ဖို့ အတွက်လည်း နိုင်ငံရေးအရ ကြီးမားတဲ့ ဖိအားတွေ ကြုံနေရပါတယ်။ စစ်ပွဲကို စတင်တိုက်ခိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်ရော၊ အချိန်တွေ ကြန့်ကြာပြီး ကမ္ဘာ့စီးပွားရေးကို ဆိုးကျိုးရိုက်ခတ်စေခဲ့မှုတွေကပါ သူ့ကို ထောက်ခံတဲ့ အစုအဖွဲ့ကြားမှာတောင် လူကြိုက်မများတဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။

နှစ်လလောက် ကြာမြင့်လာတဲ့ စစ်ပွဲဟာ အမေရိကန် အခွန်ထမ်း ပြည်သူတွေရဲ့ အခွန်ငွေ ဒေါ်လာ ၂၅ ဘီလီယံလောက်ကို ကုန်ကျစေခဲ့ပြီး ဖြစ်ကြောင်း ဧပြီ ၂၉ ရက်နေ့မှာ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က လွှတ်တော် အမတ်တွေဆီ အတည်ပြုခဲ့ပါတယ်။

တစ်ဖက်မှာတော့ အီရန်စစ်တပ်က လောလောဆယ် အပစ်ရပ်ထားပေမယ့် စစ်ပွဲဟာ ခပ်မြန်မြန် ပြီးဆုံးသွားမယ်လို့ ယူဆမထားကြောင်း မှတ်ချက်ပေးထားပါတယ်။ စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ တိုးတက်မလာတာဟာ အီရန်အနေနဲ့ အမေရိကန်ကို ယုံကြည်လို့ မရတာကြောင့် ဖြစ်ကြောင်းနဲ့ အီရန်မှာ ထုတ်မသုံးရတဲ့ ဝှက်ဖဲတွေ အများကြီး ကျန်နေသေးကြောင်း ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။