Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာ ကားဗုံးခွဲမှုနဲ့ ပစ်ခတ်မှုကြောင့် ရဲ ၁၅ ဦး သေဆုံး

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံ အနောက်မြောက်ပိုင်း၊ ခိုင်ဘာ ပက်တွန်ခွာ ပြည်နယ်မှာရှိတဲ့ ဘန်နူးမြို့က စစ်ဆေးရေး ဂိတ်တစ်ခုမှာ မေလ ၉ ရက် ညပိုင်းက ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတစ်စီးဟာ စစ်ဆေးရေးဂိတ်ကို ဝင်တိုက်ပြီး ပေါက်ကွဲသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် သေနတ်သမား တစ်ဦးကလည်း စစ်ဆေးရေး ဂိတ်နားမှာ ကပ်လျက်ရှိတဲ့ အဆောက်အအုံထဲ ပြေးဝင်သွားပြီး ရဲအရာရှိတွေကို ပစ်ခတ်ခဲ့ပါတယ်။

အနီးမှာ ရှိနေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကူအညီပေးဖို့ အပြေးအလွှား ရောက်လာချိန်မှာပါ ဆီးကြိုတိုက်ခိုက်တာကို ခံခဲ့ကြရပါတယ်။

Public Service Announcement

Public Service Announcement

အိုင်အက်စ် အကြမ်းဖက် အဖွဲ့ကို သစ္စာခံပြီး အစ်တီဟတ် အယ်လ် မူဂျာဟစ်ဒင်လို့ခေါ်တဲ့ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုက အဲဒီတိုက်ခိုက်မှုကို ကျူးလွန်ကြောင်း ကြေညာခဲ့ပါတယ်။

တိုက်ခိုက်မှုမှာ ရဲ ၁၅ ဦး သေဆုံးခဲ့ပြီး အဆောက်အအုံ အပျက်အစီးပုံထဲကနေ နောက်ထပ် ၃ ဦးကို အသက်ရှင်လျက်သား ဆွဲထုတ်နိုင်ခဲ့ကြောင်း၊ သူတို့ကို ဆေးရုံ တင်ပို့ထားကြောင်း ဘန်နူးမြို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ အကြီးအကဲ တစ်ဦးဖြစ်တဲ့ ဆာဂျက်ခန်းက သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာ အခက်ခဲဆုံး အချိန်တစ်ခုမှာ တည်ငြိမ်မှုနဲ့ ရဲရင့်မှုတွေကို ပြသပြီး အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

သူရဲဘောကြောင်တဲ့ နည်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေကို လုံးဝ သည်းခံနေမှာ မဟုတ်ဘဲ အခု သတ်ဖြတ်မှုတွေအတွက် တရားမျှတမှုကို ပြန်ယူမယ်လို့လည်း ခန်းက ဆိုပါတယ်။

ပါကစ္စတန် သမ္မတ အဆစ်ဖ်အလီ ဇာဒါရီက ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ စာနာဝမ်းနည်းကြောင်း ကြေညာခဲ့ပြီး ပြည်သူတစ်ရပ်လုံးကလည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့အတူ ရပ်တည်နေမယ်လို့ ပြောကြားခဲ့ပါတယ်။ ကောက်ကျစ်ပြီး စက်ဆုပ်စရာကောင်းတဲ့ အကြမ်းဖက်ဝါဒဟာ ကျိန်းသေ ကျဆုံးရမယ်လို့လည်း သမ္မတက ပြောပါတယ်။

ပါကစ္စတန်မှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်မှုတွေဟာ တွေ့နေမြင်နေကျ အခြေအနေလို့ ဆိုနိုင်ပါတယ်။ ဖေဖော်ဝါရီလတုန်းက မြို့တော် အစ္စလာမ်မာဘတ်က ဗလီတစ်ခုမှာ အသေခံ ဗုံးခွဲမှုကြောင့် လူတွေ ဒါဇင်နဲ့ချီသေပြီး ၁၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ပါလို့ အိုင်အက်စ်က ကြေညာပါတယ်။

အဲဒီဖြစ်ရပ် မတိုင်ခင် ရက်ပိုင်းလောက်မှာလည်း ပါကစ္စတန် အနောက်တောင်ပိုင်းက ဘာလိုချီစတန် ပြည်နယ်ထဲမှာ ဗုံးခွဲမှု၊ ပစ်ခတ်မှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေဟာ ဒေသခံ ခွဲထွက်ရေး ဝါဒီ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုရဲ့ အကြမ်းဖက်မှုလို့ ပါကစ္စတန် အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပါကစ္စတန် ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ အပြန်အလှန် အမွှန်းတင် ချီးကျူးခဲ့ကြပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ စစ်သားတွေကို သယ်ဆောင်လာတဲ့ ခရီးသည်တင် ရထားတစ်စီးကို ပစ်မှတ်ထားတဲ့ ကားဗုံးခွဲမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အာဏာပိုင်တွေကို လှောင်ပြောင်သရော်တဲ့ ပိုးဟပ်ပါတီ နိုင်ငံရေး လှုပ်ရှားမှုဟာ အိန္ဒိယကနေ ပါကစ္စတန်ကို ကူးစက်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။