Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး သဘောတူညီမှုကိစ္စ အလျင်မလိုဘူးလို့ ထရမ့်ပြော

အီရန်နဲ့ သဘောတူညီမှု တစ်ခုခုရဖို့ အမေရိကန်က အလောတကြီး ညှိနှိုင်းစရာ မလိုဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AFP

အီရန်နဲ့ သဘောတူညီမှု တစ်ခုခုရဖို့ အမေရိကန်က အလောတကြီး ညှိနှိုင်းစရာ မလိုဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သူက အီရန်နဲ့ စစ်ပြေငြိမ်းရေးအတွက် နောက်ထပ် ဆက်သွယ် ဆွေးနွေးမှုတွေ ရှိနေတယ် ဆိုတာကို အတည်ပြုခဲ့ပေမယ့် အမြန်ဆုံး သဘောတူညီမှုတစ်ခု ရရှိဖို့ မျှော်လင့်ချက်တွေတော့ မထားသင့်ကြောင်း သတိပေးသွားပါတယ်။

အီရန် ကိုယ်စားလှယ်တွေနဲ့ စကားပြောနေတဲ့ အမေရိကန် အရာရှိတွေကိုလည်း ဘာသဘောတူညီမှုကိုမှ မလောတကြီး ရယူဖို့ မလိုအပ်ဘူးလို့ သူက ပြောကြားထားကြောင်း ထရမ့်က ဆိုပါတယ်။

ဒီအတောအတွင်း ဟောမုဇ် ရေလက်ကြားက ထွက်လာတဲ့ အီရန် ရေယာဉ်တွေကို အနီးမှာရှိတဲ့ ပါရှန်းပင်လယ်ကွေ့မှာ အမေရိကန်က ရေတပ်က အင်အားသုံး ပိတ်ဆို့ထားမှုဟာလည်း ဆက်ပြီး တည်ရှိနေမယ်လို့ ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthမှာ မေလ ၂၄ ရက်နေ့ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ရင် နှစ်ဖက်စလုံးက ကိုယ်စီ အချိန်ယူပြီး မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်ကြဖို့ လိုတယ်လို့ ထရမ့်က ဆိုပါတယ်။

အီရန် အစိုးရဖက်ကတော့ ထရမ့်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး ဘာမှ မတုံ့ပြန်သေးပါဘူး။ ဒါပေမဲ့ အီရန်ရဲ့ Tasnim သတင်းဌာနကတော့ ထရမ့်ဟာ အလားအလာရှိတဲ့ သဘောတူညီမှုတစ်ခု အမှန်တကယ် ဖြစ်ပေါ်မလာအောင် ဖျက်လိုဖျက်ဆီး လုပ်နေတယ်လို့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) သတင်းရင်းမြစ် တချို့ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

မေလ ၂၃ ရက်နေ့ကတော့ အမေရိကန်နဲ့ အီရန်တို့ဟာ ငြိမ်းချမ်းရေးအတွက် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ဖို့ အလေးအနက် ဆွေးနွေးနေကြောင်း၊ သဘောတူညီမှုတွေထဲမှာ အီရန်က လောလောဆယ် ပိတ်ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်နိုင်ဖို့ ဆိုတာလည်း ပါဝင်ကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။

ဟောမုဇ်ဟာ ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့ တင်ပို့မှုအတွက် အဓိက အကျဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်ပြီး စစ်ပွဲ ကာလ တလျှောက်လုံးနီးပါး အီရန်က ပိတ်ဆို့ထားတာကြောင့် နိုင်ငံတကာ စွမ်းအင် အကျပ်အတည်းတွေ ဖြစ်ပေါ်လာစေပါတယ်။

လက်ရှိမှာတော့ အမေရိကန်နဲ့ အီရန်တို့ဟာ အလုံးစုံ စစ်ပွဲရပ်စဲရေးကို ဦးတည်ပြီး ဆက်လက် ဆွေးနွေးနေပေမယ့် အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေကိစ္စ၊ လက်ဘနွန်မှာရှိတဲ့ အီရန် မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို အစ္စရေးက တိုက်ခိုက်နေတဲ့ကိစ္စ၊ အီရန်အပေါ် အမေရိကန် ပိတ်ဆို့အရေးယူမှုတွေနဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်က ကန့်သတ် ထိန်းချုပ်ထားတဲ့ ကိစ္စတွေမှာ နှစ်ဖက်ကြား သဘောတူညီမှုတွေ ရရှိဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ထရမ့် အစိုးရ အဖွဲ့ထဲက အမည် မဖော်ပြတဲ့ ထိပ်တန်း အရာရှိ တစ်ဦးကတော့ ရက်အနည်းငယ် အတွင်းမှာ သဘောတူ စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့တော့ မဖြစ်နိုင်သေးကြောင်း၊ အီရန်ရဲ့ အုပ်ချုပ်ရေး ယန္တရားဟာ ကိစ္စတွေ မြန်မြန်ပြီးစီးနိုင်ဖို့ လုံလောက်တဲ့ သွက်လက်မှု မရှိကြောင်း မှတ်ချက်ပေးထားပါတယ်။ အီရန်ဟာ အမေရိကန် ရေတပ် ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးရင် ဟောမုဇ်ကို ပြန်ဖွင့်ပေးဖို့၊ အီရန်ရဲ့ သန့်စင်ပြီး အရည်အသွေးမြင့် ယူရေနီယမ် ဓာတ်သတ္တုတွေကို စွန့်လွှတ်ပေးဖို့ မူအားဖြင့် သဘောတူထားကြောင်း အဲဒီ အရာရှိက ဆိုပါတယ်။

နောက်ပြီး အီရန် အစိုးရ အဓိပတိသစ် အယာတိုလာ မော့ဂျ်တာဘာ ခါမေနီကလည်း လက်ရှိ ညှိနှိုင်းနေတဲ့ ဆွေးနွေးမှုတွေရဲ့ ကျယ်ပြန့်တဲ့ အချက်အလက်တွေကို လက်ခံ သဘောတူထားတယ်လို့ သိရပါတယ်။ အမေရိကန် အနေနဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်နိုင်ရေး ကိစ္စအပေါ် ဦးစားပေး ချဉ်းကပ်ထားပြီး အီရန် နျူကလီးယား အရေးနဲ့ ပတ်သက်လို့ အချိန်ယူရမယ်လို့ နားလည်ထားကြောင်းလည်း အဲဒီ အရာရှိက မှတ်ချက်ပေးသွားပါတယ်။

အီရန်က သန့်စင်ပြီး ယူရေနီယမ်တွေကို စွန့်လွှတ်ဖွယ် မရှိဘူးဆိုတဲ့ ထင်ကြေးတွေကိုတော့ သူက ပယ်ချခဲ့ပြီး ဘယ်လို နည်းလမ်းနဲ့ စွန့်လွှတ်မလဲ ဆိုတာကိုသာ မေးခွန်းထုတ်ရမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်ဖို့အတွက် ယူရေနီယမ် သန့်စင်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲထားပေမယ့် အီရန်ကတော့ အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။ ယူရေနီယမ် သန့်စင်မှုဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုရဲ့ ရပိုင်ခွင့်လို့ သတ်မှတ်နိုင်သလို အီရန်ရဲ့ နျူကလီးယား နည်းပညာဟာ စွမ်းအင်ကဏ္ဍအတွက် ငြိမ်းငြိမ်းချမ်းချမ်း အသုံးပြုဖို့ပဲ ရည်ရွယ်ထားတာလို့လည်း အီရန်က ဖြေရှင်းထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။